သုံးခွ ဧပြီ ၂၂
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ သုံးခွမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre) ခန်းမတွင် စာပေချစ်သူများမှ ဦးဆောင်၍ ပြည်သူများစာအုပ် စာပေများကို ချစ်မြတ်နိုးတတ်စေပြီး အချင်းချင်းစာပေနှီးနှော ဖလှယ်တတ်စေရန် ရည်ရွယ်၍ ယမန်နေ့နံနက် (၉)နာရီအချိန်က စာရေးဆရာ သုတေသီဘုန်းမြင့်သွေး ရေးသားသည့် "လူမှန်လူမြတ် "စာအုပ်အား စာဖတ်ဝိုင်း ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ စာဖတ်ဝိုင်းတွင် (Book club) အတွင်းရေးမှူး ဦးကြည်စိုးလွင်က ဦးဆောင်ဆွေးနွေးသူအဖြစ် ရဲရင့်ရင်ဆိုင်ကြိုးစားခြင်း ခေါင်းစဉ်ဖြင့် ဆွေးနွေးရာတွင် စိတ်ဓာတ်ခိုင်ကျည် သောသူတို့၌ ကိုယ်ကျင့်တရား မပျက်ယွင်းနိုင် ရဲရင့်ရင်ဆိုင်ကြိုးစားခြင်း ရှိစမြဲဖြစ်ပါကြောင်း၊ ရဲရင့်စွာရင်ဆိုင်ခြင်းဟာ ရိုးသားခြင်းအပေါ်မှာ မူတည်နေပါကြောင်း၊ အောင်မြင်ခြင်းဆိုတာ ရဲရင့်စွာ ရင်ဆိုင်နိုင်ခြင်းပေါ်မှာ များစွာတည်ရှိနေပါကြောင်းစသည်ဖြင့် ပြောကြားသွားပါသည်။
ထို့နောက် (Book Club) အတွင်းရေးမှူး ဦးလင်းနိုင်ထွန်းက "ကြိုးစား၍ အခက်အခဲမှာဇွဲကောင်း" ခေါင်းစဉ်ဖြင့် ဆွေးနွေးရာတွင် အခက်အခဲတွင် ဇွဲကောင်းခြင်းက လူမှန်၊ လူမြတ်၊ လူတော်၊ လူကောင်းဖြစ်ရန်အတွက် ရှိကိုရှိရမည့် အရေအသွေးဖြစ်ပါကြောင်း အမြဲတစေပြုရမယ့် ကြိုးစားခြင်းနှင့်အတူ အခက်အခဲမှာ ဇွဲကောင်းရမှာဖြစ်ပါကြောင်းစသည့် အကြောင်းအရာများကိုပြောကြားခဲ့သည်။
ဆက်လက်၍ (Youth club) အဖွဲ့၀င် မတင်မေလွင်က "လူမှန်လူမြတ် လူတော်လူကောင်း" ခေါင်းစဉ်ဖြင့် ဆွေးနွေးရာတွင် လူ့လောကဘုံမှာ လူမှန်နေရာမှန်ရပြီး လူတော်တစ်ယောက်ဖြစ်ဖို့က အရေးကြီးလှပါကြောင်း၊ လူတော်တစ်ယောက်ဖြစ်ဖို့အတွက် အဓိကအကျဆုံး အရည်အချင်းဟာ ပြဿနာတိုင်းကို အရိုးစင်းဆုံးပုံသဏ္ဍာန်နဲ့ပေါ်လာအောင် ပြဿနာရဲ့ကျောရိုးတွေကို ဆွဲထုတ်ပုံဖော်တတ်ဖို့ဖြစ်ပါကြောင်းစသည့် စာအုပ်ပါ အကြောင်းအရာများကို ဝိုင်း၀န်းဆွေးနွေးခဲ့ကြသည်။
စည်သူလင်း (ပြန်/ဆက်)