မိုင်းယောင်းမြို့နယ်၌ ဆီထွက်သီးနှံနေကြာ တိုးချဲ့စိုက်ပျိုးနိုင်ရေး ညှိနှိုင်းစည်းဝေး

မိုင်းယောင်း  ဧပြီ  ၂၂

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ်တွင်  ဆီထွက်သီးနှံနေကြာ တိုးချဲ့စိုက်ပျိုးနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ညနေ ၄ နာရီခွဲက ဝမ်ဘိုးကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးရုံး၌ ကျင်းပခဲ့ကြောင်း သိရသည်။

အစည်းအဝေးတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးသက်ဆွေက အမှာစကားပြောကြားပြီး စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးကျော်ကျော်မိုးက မြို့နယ်အတွင်း စားသုံးဆီဖူလုံစေရေးအတွက် မိုးရာသီတွင် ၂၅ ဧက၊ ဆောင်းရာသီတွင် ၆ ဧက စိုက်ပျိုးဆောင်ရွက်ခဲ့ကြောင်း၊ တောင်သူတစ်ဦးချင်းအလိုက် တစ်ဧက သီးနှံအထွက်နှုန်းတိုးတက်ရေးနှင့် သီးနှံပိုးမွှားရောဂါကြိုတင်ကာကွယ်ရေးအတွက် စိုက်ပျိုးနည်းပညာများ၊ သီးနှံမျိုးစေ့များကို စိုက်ပျိုးရေးဦးစီးဌာနမှ ပံ့ပိုးကူညီ ဆောင်ရွက်ပေးလျက်ရှိကြောင်း ပြောကြားသည်။

အဆိုပါအစည်းအဝေးသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး၊ စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး၊ မိုင်းယုမြို့အုပ်ချုပ်ရေးမှူး ဦးလောထွေးနှင့် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ တက်ရောက်ခဲ့ကြသည်။

မိုင်းယောင်းမြို့နယ်၌ ၂၀၂၃-၂၀၂၄ ခုနှစ်တွင် ဆီထွက်သီးနှံနေကြာ တိုးချဲ့စိုက်ပျိုးနိုင်ရေး တွန်းအားပေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

စိုင်းအောင်ဇော်လင်း