ဒက္ခိဏသီရိမြို့နယ်၌ ပဉ္စမအကြိမ် အသံမစဲမဟာပဋ္ဌာန်းမြတ်ရွတ်ဖတ်ပူဇော်ပွဲ ဖွင့်ပွဲအခမ်းအနားကျင်းပ

နေပြည်တော်  ဧပြီ ၂၂

နေပြည်တော်ကောင်စီကကြီးမှူးကျင်းပသည့် ဒက္ခိဏသီရိမြို့နယ်လုံးဆိုင်ရာ ပဉ္စမအကြိမ် အသံမစဲ မဟာပဋ္ဌာန်းမြတ်ရွတ်ဖတ်ပူဇော်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ နံနက် ၈ နာရီခွဲတွင် မြောက်ကျောင်းစု ကျေးရွာရှိ တိုက်ကျောင်းဘုန်တော်ကြီးကျောင်း ဓမ္မာရုံ၌ ကျင်းပရာ နေပြည်တော် တိုင်းသံဃနာယကအဖွဲ့ဥက္ကဋ္ဌ၊ ပျဉ်းမနားမြို့၊ သုခဝိဟာရသရက်ကုန်းကျောင်းတိုက် ပဓာနနာယက ဆရာတော် ဒေါက်တာဘဒ္ဒန္တ မုနိကုမာရ မထေရ်မြတ် အမှူးပြုသော ဆရာတော် သံဃာတော်များ ကြွရောက်ချီးမြှင့်တော်မူကြပြီး အခမ်းအနားသို့ နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးမြင့်စိုး၊   မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနိုင်ဝင်းနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာ ဝန်ထမ်းများနှင့် ဧည့်ပရိသတ်များ တက်ရောက်ကြသည်။

ရှေးဦးစွာ   နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးမြင့်စိုးက ဗုဒ္ဓရုပ်ပွားတော်မြတ်အား ပန်း၊ ရေချမ်းနှင့် ဆီမီး ကပ်လှူပူဇော်ပြီး ဆရာတော်တစ်ပါးက ပဋ္ဌာန်းရောင်ခြည်တော်ဖွင့် ဂါထာကို ရွတ်ဖတ်ပူ ဇော်သည်။

ထို့နောက် နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးမြင့်စိုးနှင့် ဧည့်ပရိသတ်များက  နေပြည်တော် တိုင်းသံဃနာယကအဖွဲ့ဥက္ကဋ္ဌ၊ ပျဉ်းမနားမြို့၊ သုခဝိဟာရသရက်ကုန်းကျောင်းတိုက် ပဓာနနာယက ဆရာတော် ဒေါက်တာဘဒ္ဒန္တမုနိကုမာရ မထေရ်မြတ်ထံမှ ငါးပါးသီလခံယူ ဆောက်တည်ကြပြီး ဝတ်ရွတ်အဖွဲ့များက ဒေဝနိမန္တနဂါထာကို ဖတ်ကြား၍ နတ်ဗြဟ္မာများကို ပင့်ဖိတ်ခြင်းနှင့် ပဋ္ဌာန်းဂုဏ်ရည် ကဗျာများဖြင့် ရွတ်ဆိုပူဇော်ကြသသည်။

ယင်းနောက် နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးမြင့်စိုးက သာသနာတော်ဆိုင်ရာများ လျှောက်ထားပြီး တက်ရောက်လာသည့် ဧည့်ပရိသတ်များက ဆရာတော်သံဃာတော်များ ရွတ်ဖတ်တော်မူသည့် ငါးရံ့မင်း ပရိတ်တော်ကို နာယူကြည်ညိုကြသည်။

ထို့နောက် နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးမြင့်စိုးနှင့် တာဝန်ရှိသူများက ပန်းပေါင်စုံဗုဒ္ဓ ရုပ်ပွားတော်မြတ် ၁၈ ဆူ၊ လှူဖွယ် ပစ္စည်းများ၊ ပဋ္ဌာန်းကျမ်းစာအုပ်၊ ပဋ္ဌာန်းပရိတ်ပန်းအိုး၊ ပရိတ်ရေများနှင့် နဝကမ္မ အလှူတော်ငွေများကို ဆရာတော် သံဃာတော်များထံ ဆက်ကပ် လှူဒါန်းပြီး နေပြည်တော်တိုင်းသံဃနာယကအဖွဲ့ ဥက္ကဋ္ဌ၊ ပျဉ်းမနားမြို့၊ သုခဝိဟာရ သရက်ကုန်း ကျောင်းတိုက် ပဓာနနာယကဆရာတော် ဒေါက်တာဘဒ္ဒန္တမုနိကုမာရ မထေရ်မြတ်ထံမှ အနုမောဒနာ တရား နာကြား၍ လှူဒါန်းမှု အစုစုအတွက် ရေစက်သွန်းချ အမျှပေးဝေကြသည်။

ယင်းနောက် ဆရာတော်သံဃာတော်များဦးဆောင်၍ ပရိသတ်အားလုံးက ပဋ္ဌာန်းပစ္စယုဒေသ ပါဠိတော် သုံးကြိမ်ရွတ်ဖတ်ပူဇော်ခဲ့ကြပြီး  ဗုဒ္ဓသာသနံစိရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆို၍ အခမ်းအနားကို ရုပ်သိမ်းခဲ့သည်။

ဒက္ခိဏသီရိမြို့နယ်လုံးဆိုင်ရာ ပဉ္စမအကြိမ် အသံမစဲမဟာပဋ္ဌာန်းမြတ် ရွတ်ဖတ်ပူဇော်ပွဲကို ဧပြီလ ၂၁ ရက်နေ့ မှ ၂၅ ရက်နေ့အထိ ငါးရက်တိုင်တိုင် ကျင်းပမည်ဖြစ်ကြောင်း သိရသည်။

အောင်ကို(ပြန်/ဆက်)