ကျောက်ဆည်မြို့တွင် ယာဉ်စည်းကမ်း လမ်းစည်ကမ်း အန္တရာယ်ကင်းရှင်းရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကျင်းပ

ကျောက်ဆည်  ဧပြီ  ၂၁

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့တွင် ယာဉ်မတော်တဆမှုများကြောင့် ပြည်သူများ ထိခိုက်နစ်နာဆုံးရှုံးမှုမရှိစေရေးအတွက် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အမှတ်(၉၂)ယာဉ်ထိန်းရဲတပ်ဖွဲ့စုတို့ ပူးပေါင်းပြီး ယာဉ်စည်းကမ်း လမ်းစည်ကမ်း အန္တရာယ်ကင်းရှင်းရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ခရိုင်လူထုအခြေပြုဗဟိုဌာနတွင် ယမန်နေ့နံနက်(၁၁)နာရီက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ဟောပြောပွဲတွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်တင်တင်ထွေးက ခေတ်မီဖွံ့ဖြိုးတိုးတက်လာသည်နှင့်အမျှ မော်တော်ဆိုင်ကယ်နှင့် မော်တော်ကား အသုံးပြုသူများ များပြားလာခြင်း၊ လူဦးရေတိုးပွားလာ ခြင်းများကြောင့် ယာဉ်မတော်တဆမှုများ ဖြစ်ပွားလျက်ရှိရာ ပြည်သူများ ယာဉ်အန္တရာယ် ကင်းရှင်းစေရေးနှင့်ထိခိုက်နစ်နာဆုံးရှုံးမှု မရှိစေရေး ယာဉ်စည်းကမ်းလမ်းစည်းကမ်း အန္တရာယ် ကင်းရှင်းရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ရခြင်းဖြစ်ကြောင်း ရှင်းလင်း ပြောကြားခဲ့သည်။

ထို့နောက် ယာဉ်စည်းကမ်းလမ်းစည်းကမ်းနှင့်ပတ်သက်သည့် ပညာပေးဗီဒီယိုများ ဖွင့်လှစ်ပြသခဲ့ပြီး အမှတ်(၉၂)ယာဉ်ထိန်းရဲတပ်ဖွဲ့စုမှ ဒု-ရဲမှူး ကောင်းမြတ်သူက လမ်းဖြတ်ကူးသူများ၏ ပေါ့ဆမှုကြောင့် ဖြစ်ပွားရသော ယာဉ်တိုက်မှုများအကြောင်း၊ မော်တော်ယာဉ်မောင်းသူများ၏ ပေါ့ဆမှုကြောင်း ဖြစ်ပွားရသော ယာဉ်တိုက်မှုများအကြောင်းနှင့် ၂၀၂၀ ခုနှစ် ယာဉ်အန္တရာယ် ကင်းရှင်းရေးနှင့်မော်တော်ယာဉ်စီမံခန့်ခွဲမှု ဥပဒေပါယာဉ်မောင်းလိုင်စင်မပါခြင်း၊ ယာဉ်အကူမပါခြင်း၊ ယာဉ်မောင်းလိုင်စင်သက်တမ်းကုန်ခြင်း၊ သတ်မှတ်ထားသော ဝန်အားထက် ပိုတင်ခြင်း၊ အပိုမီးလုံး မီးတန်းများ ခွင့်ပြုချက်မရှိ တပ်ဆင်ခြင်း၊ ခြေလျင်လမ်းကူးနေရာတွင် နည်းဥပဒေပြဌာန်းချက်များပါ စည်းကမ်းမလိုက်နာခြင်း၊ ယာဉ်မောင်းနှင်စဉ် လက်ကိုင်ဖုန်း အသုံးပြုခြင်း၊ ယာဉ်မောင်းနှင် လိုက်ပါစီးနင်းသူများ အသက်ကယ်ထိုင်ခုံခါးပါတ် မပတ်ခြင်း၊ လိုင်စင်ခွင့်မပြုထားသောယာဉ်ကို မောင်းခြင်း၊ ယာဉ်ကိုဘေးအန္တရာယ်ဖြစ်အောင်မောင်းခြင်း၊ မူးယစ်ဆေးဝါး/ အရက်သုံးစွဲ၍  ယာဉ်ကို မောင်းနှင်ခြင်းများအတွက် ပြဋ္ဌာန်းထားသော  ပြစ်မှု၊ ပြစ်ဒဏ်များအကြောင်း ရှင်းလင်းပြောကြားခဲ့ပြီး ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြောင်း သိရသည်။

သက်မောင်(ကျောက်ဆည်)