ညောင်ဦး ဧပြီ ၂၁
မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင် ကျောက်ပန်းတောင်းမြို့နယ် ပုပ္ပားတောင် ပတ်ဝန်းကျင်ကျေးရွာများမှထွက်ရှိသည့် ငှက်ပျောသီးများ ရောင်းအားကောင်းလျက်ရှိကြောင်း လျှော်တောကျေးရွာ ငှက်ပျောစိုက်တောင်သူ ဦးညွန့်မောင်ထံမှ သိရသည်။
ကျောက်ပန်းတောင်းမြို့နယ် ပုပ္ပားတောင်ပတ်ဝန်းကျင်ကျေးရွာများဖြစ်သည့် ဆင်ဆင်းကျေးရွာ၊ နဂါးလည်၊ လျှော်တော၊ ဆည်၊ ဆည်းမ၊ ဘိုတဲ၊ လွန်အိုင်၊ ကျောက်ခွက်၊ သင်ပေါင်းကျေးရွာများသည် ငှက်ပျောအမျိုးမျိုးစိုက်ပျိုးကြပြီး ထွက်ရှိလာသည့် ငှက်ပျောများကို ကျောက်ပန်းတောင်းမြို့၊ မိတ္ထီလာ၊ ညောင်ဦး၊ မြင်းခြံ၊ ငါ့သရောက်၊ ပခုက္ကူ၊ တောင်ဇင်း ဗျတ္တပန်းဆက်ဈေးများသို့ သွားရောက်ရောင်းချသကဲ့သို့ ငှက်ပျောပွဲစားများမှလည်း ခြံအထိလာရောက် ဝယ်ယူကြခြင်းများ ရှိနေသည့်အတွက် ငှက်ပျောများ ရောင်းအားကောင်းလျက်ရှိကြောင်း ဆင်ဆင်းကျေးရွာ ငှက်ပျောစိုက်တောင်သူ ဒေါ်ချိုချိုဝင်းက ပြောပြသည်။
ပုပ္ပားတောင်ပတ်ဝန်းကျင်ကျေးရွာများသည် ဖီးကြမ်းငှက်ပျော၊ သီးမွှေးငှက်ပျော၊ ငှက်ပျောချဉ်၊ ရခိုင်ငှက်ပျော၊ ရွှေနီငှက်ပျောတို့ကို စီးပွားဖြစ်စိုက်ပျိုးကြသည်။ ဖီးကြမ်းငှက်ပျောနှင့် ရခိုင်ငှက်ပျောတို့ကို ယခင်ကတည်းက စိုက်ပျိုးကြခြင်းဖြစ်သော်လည်း ဈေးကွက်အခြေအနေအရ ရွှေနီ၊ သီးမွှေး၊ ငှက်ပျောချဉ်တို့ကို တိုးချဲ့စိုက်ပျိုးခဲ့ကြသည်။ ထွက်ရှိလာသည့် ဖီးကြမ်းငှက်ပျောနှင့် ရခိုင် ငှက်ပျောများကို ငှက်ပျောဖီးနှင့်သီးလုံး ကြီးထွားမှုပေါ်မူတည်ကာ တစ်ဖီးခြင်းဈေး၊ တစ်ခိုင်လုံးဈေးတို့ဖြင့် ရောင်းချကြသည်။
ပုပ္ပားတောင်ပတ်ဝန်းကျင်ကျေးရွာများမှထွက်ရှိသည့် ငှက်ပျောများကို သဘာဝအတိုင်းစိုက်ပျိုးခြင်းများကြောင့် ဓာတုကင်းလွှတ်ငှက်ပျောများ ဟုလူသိများကာ ငှက်ပျောထွက်ရှိသလောက် ရောင်းအားကောင်းလျက်ရှိကြောင်း ငှက်ပျောခြံ ပိုင်ရှင်များ၏ ပြောကြားချက်အရ သိရသည်။
ဒီပါလင်း