ပုဏ္ဏားကျွန်း ဧပြီ ၂၁
ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့ပေါ်ရပ်ကွက်ရှိ ပန်းရံဆရာများ/လက်သမားဆရာများ ဦးဆောင်၍ (၆)ကြိမ်မြောက် အန္တရာယ်ကင်းပရိတ်တရားတော်များ ရွတ်ဖတ်ပူဇော်ခြင်းကို ယမန်နေ့ ညနေပိုင်းက ပုဏ္ဏားကျွန်းမြို့ ပညာပါရမီ ပရိယတ္တိစာသင်တိုက်မှ စတင်ကာ မြို့ပေါ်(၄)ရပ်ကွက်သို့ မော်တော်ယာဉ်များဖြင့် လှည့်လည်၍ ရွတ်ဖတ်ပူဇော်ခဲ့ကြသည်။
“ကျွန်တော်တို့ မြို့ပေါ်ပန်းရံဆရာ/လက်သမားဆရာများ ဦးဆောင်ပြီး နှစ်စဉ်နှစ်တိုင်း မြန်မာနှစ်သစ်ကူး အခါသမယမှာ (၇)ရက် သားသမီးများအပေါင်း ဘေးအန္တရာယ် ကင်းဝေးကြစေရန်ရည်ရွယ်ပြီးတော့ ပြုလုပ်တာဖြစ်တယ်။ ဒီလိုလုပ်တဲ့အခါမှာလည်း သီလ သမာဓိ ဉာဏ်ပညာတွေနဲ့ပြည့်စုံတဲ့ ဆရာတော်၊ သံဃာတော်တွေကို ပင့်ဆောင်ပြီးတော့ မြို့ပေါ်ရပ်ကွက်တွေမှာ လှည့်လည်ပြီး အန္တရာယ်ကင်း ပရိတ်တရာတော်တွေ ရွတ်ဖတ်ပူဇော်တာ၊ ပရိတ်ရည်ပက်ဖျန်းတာတွေကို ပြုလုပ်ကြတာဖြစ်တယ်” ဟု ပန်းရံဆရာကြီး ဦးမောင်လှရွှေက ပြောသည်။
ထိုသို့ အန္တရာယ်ကင်းပရိတ်တရားတော်များ ရွတ်ဖတ်ပူဇော်ရာတွင် မြို့နယ်သံဃာ့ နာယကဥက္က၊ သာသနဓဇဓမ္မစရိယ၊ မဟာဂန္တဝါစက္ကဘွဲ့တံဆိပ်တော်ရ မြို့မပရိယတ္တိစာသင်တိုက် ပဓနနာယက ဘဒ္ဒန္တ ဦးပဏ္ဍိတ ဦးစီးပြီး မြို့ပေါ်ရပ်ကွက်အတွင်းရှိ ဘုန်းတော်ကြီးကျောင်းတိုက်အသီးသီးမှ ဆရာတော်၊ သံဃာတော်(၁၂)ပါးက မင်္ဂလသုတ်၊ ရတနသုတ်၊ မေတ္တာသုတ် အစရှိသည့် ပရိတ်တရားဒေသနာတော်များကို ရွတ်ဖတ်ပူဇော်ခဲ့ကြရာ ဗုဒ္ဓဘာသာဝင် သူတော်စင်အပေါင်းတို့က သဒ္ဒါတရားထက်သန်စွာဖြင့် ကုသိုလ်ပြုနာယူခဲ့ကြကြောင်းသိရသည်။
နီထွန်းအောင်(ပြန်/ဆက်)