မူဆယ်မြို့၊ မြန်မာစီးပွားရေးဘဏ်တွင် နိုင်ငံဝန်ထမ်း(အငြိမ်းစား)များ၏ ပင်စင်လစာငွေ ပုံမှန်ထုတ်ပေး

မူဆယ် ဧပြီ ၂၁

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ မူဆယ်မြို့တွင် မြန်မာ-တရုတ်နယ်စပ်မြို့ဖြစ်သည့်အလျောက် ကိုယ်ပိုင်စီးပွားရေးသမားများနှင့် ကုန်သွယ် ရောင်းဝယ်ရေးလုပ်ငန်းရှင်များ များပြားလျက်ရှိပြီး နိုင်ငံဝန်ထမ်းများ နည်းပါးသော်လည်း လစဉ် (၂၁)ရက်နေ့မှ စတင်၍ နောက်လဆန်းပိုင်းအထိ အငြိမ်းစားနိုင်ငံဝန်ထမ်းများ၏ ပင်စင်လစာငွေကို ပုံမှန်ထုတ်ပေးလျက်ရှိကြောင်း သိရသည်။

အဆိုပါ ပင်စင်လစာငွေများ ထုတ်ပေးရာတွင် အငြိမ်းစားနိုင်ငံဝန်ထမ်းများအနေဖြင့် ပင်စင်လစာငွေကို မိမိကိုယ်တိုင်သော်လည်းကောင်း၊ အကြောင်း အမျိုးမျိုးကြောင့် ကိုယ်တိုင်လာရောက် ထုတ်ယူနိုင်ခြင်းမရှိလျှင် မိသားစုဝင်တစ်ဦးဦးက ကိုယ်စားလှယ်လွှဲစာဖြင့် ကိုယ်စားထုတ်ယူပေးနိုင်ပြီး ငွေထုတ်ကဒ် ပြုလုပ်ထားသော အငြိမ်းစားနိုင်ငံဝန်ထမ်းများအနေဖြင့် မည်သည့်ရက်မဆို လာရောက်ထုတ်ယူနိုင်ကြောင်းနှင့် ပင်စင်လစာငွေကို (၃)လလျှင် တစ်ကြိမ်သော်လည်းကောင်း၊ (၆)လလျှင် တစ်ကြိမ်သော်လည်းကောင်း စုပေါင်းထုတ်ယူနိုင်ကြောင်းလည်း မူဆယ်မြို့၊ မြန်မာ့စီးပွားရေးဘဏ်မှ တာဝန်ရှိသူ တစ်ဉီးထံမှ သိရသည်။ ထို့အပြင် သက်ကြီးရွယ်အို အငြိမ်းစားနိုင်ငံဝန်ထမ်းများကို အခက်အခဲမရှိ ပင်စင်လစာထုတ်ယူနိုင်ရေး၊ မိမိလစာငွေ ထုတ်ချိန် မရောက်ခင် သက်သောင့်သက်သာ နားနေနိုင်ရေးနှင့် ကိုဗစ်-၁၉ရောဂါ စည်းကမ်းချက်နှင့်အညီ လူစုလူဝေးမဖြစ်ပေါ်စေရန်အတွက်လည်း တစ်ဉီးနှင့်တစ်ဉီး (၃)ပေအကွာတွင် နှာခေါင်းစည်း Mask များ တပ်ဆင်ပေးလျက်  စနစ်တကျစီစဉ်ဆောင်ရွက်ပေးထားပါသည်။

မူဆယ်မြို့တွင် အငြိမ်းစားနိုင်ငံဝန်ထမ်းပေါင်း ပျှမ်းမျှ(၃၀၀)ကျော်ရှိပြီး ယခင် ဖေဖော်ဝါလတွင် ပင်စင်လစာငွေကို (၂၇၉)ဦးနှင့် သိန်း(၆၀၁)ကျော်ထုတ်ယူခဲ့ပြီး မတ်လတွင်လည်း ပင်စင်လစာငွေကို (၃၀၉)ဦးနှင့် သိန်း(၈၅၀)ကျော် လာရောက်ထုတ်ယူခဲ့ကြောင်း သိရှိရသည်။ ယခုဧပြီလအတွက် ပင်စင်လစာငွေကို ဧပြီလ(၂၁)ရက်နေ့ နံနက် ဘဏ်ဖွင့်ချိန်(၉:၃၀)အချိန်မှ စတင်ထုတ်ပေးနေပြီဖြစ်ကြောင်း သိရသည်။

ဆက်ပိုင်(ပြန်/ဆက်)