ကွမ်းခြံကုန်းမြို့နယ် စည်ပင်သာယာရေးကော်မတီမှ (Stay at Home)ကာလအတွင်း ပြည်သူများ အဆင်ပြေစေရန် ဈေးကားထွက်၍ ရောင်းချပေး

ကွမ်းခြံကုန်း  အောက်တိုဘာ  ၃

ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်ကွမ်းခြံကုန်းမြို့နယ်တွင် (Stay at Home) ထုတ်ပြန်ထားသော ကာလအတွင်း ပြည်သူများအနေဖြင့် လိုအပ်သော အခြေခံစားသောက်ကုန်များ ဝယ်ယူရာတွင် ခက်ခဲမှုမရှိစေရန်နှင့် စိတ်ချမ်းသာစွာ ဝယ်ယူနိုင်ရေးအတွက် မြို့နယ်စည်ပင်သာယာရေး ကော်မတီမှ ကြီးကြပ်၍ ယမန်နေ့မနက်ပိုင်းကစတင်ပြီး ဈေးကားတစ်စီးဖြင့် မြို့ပေါ်ရပ်ကွက်များရှိ ပြည်သူများထံ လိုက်လံရောင်းချ ပေးလျက်ရှိကြောင်း သိရသည်။

အဆိုပါဈေးကားတွင် မြို့နယ်စည်ပင်သာယာရေး ကော်မတီမှကြီးကြပ်၍ မြို့မဈေးအတွင်း ရောင်းချနေသော ဈေးသည်များနှင့် ပူးပေါင်း၍ အိမ်ထောင်စုတိုင်းအတွက် လိုအပ်သော အခြေခံ စားသောက်ကုန်များ၊ သန့်ရှင်းလတ်ဆတ်၍ ဈေးနှုန်းသက်သာသောသား၊ ငါး၊ သစ်သီးဝလံများ၊ ဟင်းသီးဟင်းရွက်များအား ပြည်သူများ၏ အိမ်ရှေ့အရောက် တိုက်ရိုက်ရောင်းချပေးခြင်း ဖြစ်ကြောင်း သိရသည်။

ယခုကဲ့သို့ ကူးစက်မြန် ကိုဗစ်-၁၉ရောဂါကာလတွင် ပြည်သူများအနေဖြင့် မိမိအိမ်တွင်သာ နေထိုင်ခြင်းဖြင့် ကူးစက်ပျံ့နှံ့မှုနှုန်းကို လျှော့ချပေးနိုင်မှာဖြစ်၍ မြို့မဈေးကြီးအတွင်း ဈေးဝယ်ရန် လာရောက်မှုလည်း နည်းပါးသွားပြီး ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေးအတွက်‌ အထောက်အကူပြုနိုင်မှာ ဖြစ်ကြောင်း၊ မိမိတို့အိမ်ရှေ့ အရောက် လိုအပ်သော အခြေခံစားသောက်ကုန်များကို အလွယ်တကူ ဝယ်ယူနိုင်သဖြင့် အချိန်ကုန် လူပန်းစရာမလို‌တော့ကြောင်း၊ မြို့ပေါ်ရပ်ကွက်()ရပ်ကွက်သို့ အလှည့်ကျ စနစ်ဖြင့် နံနက်ပိုင်းတစ်ချိန်၊ နေ့လယ်ပိုင်းတစ်ချိန် ရောင်းချပေးသွားမည်ဖြစ်ပြီး ဈေးရောင်းချသူ/ ဈေးဝယ်သူများ ကျန်းမာရေးလုံခြုံစိတ်ချမှု ရရှိစေရန် ကိုဗစ်-၁၉ရောဂါကာကွယ်ရေး နည်းလမ်းများ နှင့်အညီ ရောင်းချပေးလျက်ရှိကြောင်းမြို့နယ်စည်ပင်သာယာရေး ကော်မတီ တာဝန်ရှိသူ တစ်ဦးထံမှ သိရသည်။

ထွန်းထွန်းစိုး(ပြန်/ဆက်)