မြစ်ကြီးနားမြို့၌ ဖရဲသီး‌များ ဝယ်လိုအားကောင်း၍ ဈေးကောင်းရရှိ

မြစ်ကြီးနား ဧပြီ ၂၁

ကချင်ပြည်နယ်တွင် နှစ်စဉ်ရာသီအလိုက် သီးနှံများထွက်ရှိ ရောင်းချလျက်ရှိရာ ယခုနှစ်တွင် သီးနှံဈေးကွက်အတွင်း ဖရဲသီးဈေးကွက်၌ ဝယ်လိုအားကောင်းပြီး ဈေးကောင်းရရှိလျက်ရှိကြောင်း ဖရဲသီးရောင်းချသူများထံမှ သိရသည်။

“ဖရဲသီးကို အရင်ကဝိုင်းမော်မှာလည်း အစိုက်များတယ်၊ ဒီနှစ်မှာ စိုက်ပျိုးမှုနည်းသွားတယ်၊ ဒါ့ကြောင့် ဖရဲသီးဈေးကွက်မှာ နယ်ဝေးက ဖရဲသီးကို မှာယူရောင်းချနေရတယ်လေ၊ ကချင်ပြည်နယ်အတွင်းမှာဆိုရင် မိုးကောင်း၊ မိုးညှင်းနဲ့ ဗန်းမော်မြို့တွေမှာ စိုက်ပျိုးတာတွေကို မြစ်ကြီးနားမြို့ ဈေးကွက်တင်ပို့ရောင်းချတာတွေရှိတယ်၊ စစ်ကိုင်းတိုင်းဒေသကြီး ကသာမြို့က တင်ပို့တာတွေလည်းရှိတယ်၊ လက်ရှိ စက်သုံးဆီဈေးကလည်း မြင့်တက်နေတော့ ခရီးစရိတ်၊ စိုက်ပျိုး စရိတ်တွေ မြင့်တက်တာလည်းပါတယ်၊ အရင်နှစ်‌တွေက ရောင်းချတဲ့ဈေးက အလုံးအရွယ် အစားလိုက် တစ်လုံး (၅၀၀) ကျပ်ကနေ အလုံးလှလှဆို (၄၀၀၀) ကျပ်အထိပဲ၊ အခုပြောသလို ကုန်ဈေးနှုန်းက အစစအရာရာ မြင့်တက်လာတော့ ဒီနှစ်မှာ အလုံးသေး (၃၀၀၀) ကျပ်ကနေ အလုံးကြီး (၈၀၀၀) ကျပ်အထိ ရောင်းချခွင့်ရရှိနေတာပါ” ဟု ဖရဲသီးရောင်းချသူများက ပြောကြားသည်။

ကချင်ပြည်နယ်အတွင်း ယခုရက်ပိုင်းတွင် ရာသီဥတု အပူရှိန်ပြင်းထန်မှုကြောင့် ဖရဲသီး ဈေးကွက် ဈေးနှုန်းမြင့်မားနေသော်လည်း  ရောင်းအားကောင်းလျက်ရှိကြောင်း မြစ်ကြီးနားမြို့ ဖရဲသီး ဈေးကွက်မှ သတင်းရရှိသည်။

ခရိုင်(ပြန်/ဆက်)