ဇေယျာသီရိ ဧပြီ ၂၁
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇေယျာသီရိမြို့နယ်၊ ကျောက်ချက်ကျေးရွာ အခြေခံပညာအထက်တန်းကျောင်း၌ ကျောင်းသား/ကျောင်းသူ ကလေးငယ်များ နွေရာသီကျောင်းပိတ်ရက်အတွင်း ဗုဒ္ဓဘာသာ၏ အနှစ်သာရနှင့် အခြေခံလူ့ကျင့်ဝတ်များကိုသိရှိစေရန် အခြေခံဗုဒ္ဓဘာသာ ယဉ်ကျေးလိမ္မာ သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းက ကျင်းပသည်။
အခမ်းအနားသို့ ဒုတိယမြို့နယ်ပညာရေးမှူး ဦးမင်းသူနှင့် ဦးငြိမ်းအေး၊ ကျောင်းဆရာ/ကျောင်းဆရာမများ၊ ကျောက်ချက်ကျေးရွာအုပ်ချုပ်ရေးမှူး ဦးမင်းအောင်၊ ရပ်မိရပ်ဖများ၊ ကျောင်းသား/ကျောင်းသူကလေးငယ်များနှင့် အလှူရှင်များတက်ရောက်ခဲ့ပြီး အခမ်းအနားတွင် ဒုတိယမြို့နယ် ပညာရေးမှူး ဦးမင်းသူနှင့် ဦးငြိမ်းအေးတို့က ယဉ်ကျေးလိမ္မာသင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်နှင့် သင်တန်း စည်းကမ်းများအား ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် အလှူရှင်များက ကျောင်းသား/ ကျောင်းသူကလေးငယ်များအား သင်ထောက်ကူပစ္စည်းများ ထောက်ပံ့ပေးအပ်ခဲ့သည်။
အဆိုပါ သင်တန်းသို့ ကျောက်ချက်ကျေးရွာအုပ်စုမှ ကျောင်းသား/ကျောင်းသူ ၅၀ ဦးတက်ရောက် သင်ကြားပြီး သင်တန်းတွင် ငါးပါးသီလ၊ ဗုဒ္ဓဝင်ခုနစ်နေ့ ဘုရားရှိခိုး၊ သုစရိုက်(၁၀)ပါး၊ ပုညကြိယာ(၁၀)ပါး၊ ယဉ်ကျေးခြင်း အပိုင်း(၁)နှင့် (၂)၊ ယဉ်ကျေးလိမ္မာဆုံးမစာများ အပိုင်း(၁)နှင့် (၂)၊ ကန်တော့ကြမယ်၊ ဒုစရိုက်(၁)ပါး စသည့်ဘာသာရပ်များကို ဧပြီလ ၂၁ ရက်နေ့မှ ၂၅ ရက်နေ့အထိ သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။
ထွန်းလင်း(ဇေယျာမြေ)