ပူတာအိုဒေသထွက် ဆေးဖက်ဝင် ခမ်းတောက်မြစ်သည် ကျန်းမာရေးအတွက် အလွန်အကျိုးရှိသော ဆေးမြစ်တစ်မျိုးဖြစ်

ပူတာအို ဧပြီ ၂၁

မြန်မာနိုင်ငံမြောက်ပိုင်း၊ ကချင်ပြည်နယ်၊ ပူတာအိုခရိုင်အတွင်းရှိ ရေခဲတောင်ဒေသအနီးပတ်ဝန်းကျင်တွင် ပေါက်ရောက်လျက်ရှိ သော ခမ်းတောက်မြစ်သည် အလွန်အဖိုးတန်ပြီး ကျန်းမာရေးအတွက် အလွန်အကျိုးရှိသော ပရဆေးပင်ဆေးမြစ် တစ်မျိုးဖြစ် ကြောင်း သိရသည်။

ခမ်းတောက်ပင်များကို မြန်မာနိုင်ငံတွင်သာမက ဟိမဝန္တာတောင်တန်းဒေသ၊ အိန္တိယနိုင်ငံမြောက်ပိုင်း၊ တရုတ်နိုင်ငံ ယူနန်ပြည်နယ် တွင်လည်း ပေါက်ရောက်လျက်ရှိသည်။ ခမ်းတောက်ပင်သည် အေးမြပြီး အလွန်မြင့်မားသည့် ရေခဲတောင်ဒေသအနီး ပတ်ဝန်းကျင် များတွင် အလေ့ကျပေါက်ရောက်သည့် အပင်အမျိုးအစားဖြစ်သည်။ အပူချိန် ၂၀ ဒီဂရီဖာရင်ဟိုက်နှင့် ၃၀ ဒီဂရီဖာရင်ဟိုက်ကြား၊ အမြင့်ပေ ၆၀၀၀ နှင့် ၉၀၀၀ ကြားတွင် ပေါက်ရောက်လေ့ရှိကြောင်း သိရသည်။

ခမ်းတောက်ပင်အရွက်မှာ လက်ဝါးရွက်ပေါင်းအမျိုးအစားဖြစ်ပြီး ပြောင်ချောလျက်ရှိသည်။ ရွက်ညှာခြောက် လက်မမှ ၁၂ လက်မ အထိရှည်ပြီး ရွက်နားဟိုက်ကာ အတွန့်များပါရှိသည်။ ရုက္ခဗေဒနာမည်အနေဖြင့် Coptis Teeta Wall ဖြစ်ပြီး မျိုးရင်း ကတော့ Ranunculaceae ဖြစ်ကြောင်း သိရသည်။

ခမ်းတောက်မြစ်၏ အဓိကအသုံးဝင်သည့် အစိတ်အပိုင်းမှာ အမြစ်ပိုင်းဖြစ်ပြီး အရသာအနေဖြင့် အလွန်ခါး သောအရသာ ရှိခြင်းကြောင့် ကျန်းမာရေးအတွက် အလွန်အကျိုးရှိသော ဆေးမြစ်ဖြစ်ပါသည်။ သုတေသန လေ့လာချက်များအရ ခမ်းတောက်မြစ် သည် ဘက်တီးရီးယားပိုးများကိုနိုင်ပြီး အနာကျက်မြန်စေသည့် အစွမ်းသတ္တိရှိကြောင်း နှင့်ကိုယ်ခံအားကိုလည်း ကောင်းစေနိုင် ကြောင်း သိရသည်။

ခမ်းတောက်မြစ်ကို ဌက်ဖျားရောဂါ၊ ချောင်းဆိုးရောဂါ၊ ပန်းနာရင်ကြပ်ရောဂါ၊ အဆုတ်ရောဂါ၊ ဝမ်းကိုက် ရောဂါ စသည့်‌ ရောဂါများအတွက် ဆေးဖော်စပ်ရာတွင်ထည့်သွင်းဖော်စပ်ကြပြီး ခမ်းတောက်မြစ်များကို ပွင့်လင်းရာသီများတွင် ရေခဲတောင်အနီး ဒေသအနီးပတ်ဝန်းကျင်းများတွင် ခက်ခက်ခဲခဲသွားရောက်ရှာဖွေရ သော ဆေးမြစ်တစ်မျိုးဖြစ်သည်။

ဖုန်ကန်(ပူတာအို)