ကမ္ဘာကြီးပူနွေးလာမှုနှင့် ခရမ်းလွန်ရောင်ခြည်များအကြောင်း သိကောင်းစရာ Talk Show ဆောင်ရွက်

ဗန်းမော် ဧပြီ ၂၁

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ဗန်းမော်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနှင့် ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနတို့ ပူးပေါင်း၍ ကမ္ဘာကြီးပူနွေးလာမှုနှင့် ခရမ်းလွန်ရောင်ခြည်များအကြောင်း သိကောင်းစရာ Talk Show ကို ဧပြီ ၂၁ ရက် နံနက် ၁၀ နာရီခန့်က ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

အဆိုပါ Talk Show တွင် ဗန်းမော်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်သဲစုမိုးက ပြည်သူများ သိရှိလိုက်နာဆောင်ရွက်ရန် လိုအပ်သည့် ပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေးများထဲက ကမ္ဘာကြီးပူနွေးလာမှုနှင့် ခရမ်းလွန်ရောင်ခြည်များ အကြောင်းသိကောင်းများနှင့် ပတ်သက်၍ ကမ္ဘာကြီးပူနွေးလာမှု၏ အဓိပ္ပာယ်၊ ကမ္ဘာကြီးပူနွေးလာရ သည့်အကြောင်းအရင်းများ၊ ကမ္ဘာကြီးပူနွေးလာခြင်းကြောင့် ဖြစ်ပေါ်နိုင်သည့် အကျိုးဆက်များ၊ ကမ္ဘာကြီးပူနွေးလာမှုကို လျှော့ချနိုင်ရန် ဆောင်ရွက်သင့်သည့် အချက်များ၊ ခရမ်းလွန်ရောင်ခြည်၏ အဓိပ္ပာယ်၊ ခရမ်းလွန်ရောင်ခြည်စံနှုန်း(UV Index)အကြောင်းများ၊ ခရမ်းလွန်ရောင်ခြည် အမျိုးအစားအလိုက် ဆိုးကျိုးသက်ရောက်မှုများ၊ ခရမ်းလွန်ရောင်ခြည် ကာကွယ်ရန်နည်းလမ်းများကို မေးမြန်း ခဲ့ရာ ဗန်းမော်ခရိုင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးဝေယံကျော်က ကမ္ဘာကြီးပူနွေးလာမှုနှင့် ခရမ်းလွန်ရောင်ခြည်များအကြောင်း သိကောင်းစရာများကို အကျယ်တဝင့် ဆွေးနွေးဖြေကြားခဲ့သည်။

ဆက်လက်၍ ပြည်သူများအနေဖြင့် ခရမ်းလွန်ရောင်ခြည်ကာကွယ်ရန်အတွက် နေအပြင်းဆုံး အချိန်များတွင် နေပူထဲတိုက်ရိုက်သွားလာခြင်းများ ရှောင်ကြဉ်သင့်ကြောင်း အပြင်သို့သွားလာပါက ထီးအမြဲယူသွားသင့်ကြောင်း၊ ခန္ဓာကိုယ်ကို လုံလုံခြုံခြုံဝတ်ဆင်သင့်ကြောင်း၊ လုံလုံခြုံခြုံဝတ်ဆင်ရာတွင် အရောင်ဖျော့သည့် အင်္ကျီလက်ရှည်၊ ဘောင်းဘီရှည်၊ လေဝင်လေထွက်ကောင်းသည့် ဦးထုပ်အကြီးကြီးတွေ ဝတ်ဆင်သင့်ပါကြောင်း မျက်လုံးထိခိုက်မှုမဖြစ်စေရန်  UV-A နှင့် UV-B နှစ်မျိုးလုံး ကာကွယ်ပေးသည့် နေကာမျက်မှန် အမျိုးအစားကို တပ်ဆင်သင့်ကြောင်း၊ ရေများများသောက် သင့်ကြောင်း၊ ကလေးများ နေရောင်အောက်သို့ ခေါ်ဆောင်သွားမည်ဆိုပါက အထက်နည်းလမ်းများအတိုင်း လိုက်နာသင့်ကြောင်း၊ အဆိုပါနည်းလမ်းများကို လိုက်နာခြင်းမရှိပါက အသက်အရွယ် ကြီးလာသည့်အခါ အရေပြားကင်ဆင်ဖြစ်နိုင်ချေပိုများကြောင်း စသည်ဖြင့်အသိပညာပေး ဆွေးနွေး ပြောကြားခဲ့ကြောင်းသိရသည်။

ခရိုင်(ပြန်/ဆက်)