မိတ္ထီလာခရိုင်အတွင်းရှိ ကျေးရွာတစ်ဆယ့်တစ်ရွာတွင်   ဒေသခံများ သောက်သုံးရေ အဆင်ပြေစေရန်  ကျေးလက်ရေရရှိရေး လုပ်ငန်းများ ဆောင်ရွက်သွားမည်

မိတ္ထီလာ ဧပြီ ၂၁

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်တွင် ၂၀၂၃-၂၀၂၄ခု ဘဏ္ဍာရေးနှစ်တွင်  ကျေးရွာတစ်ဆယ့် တစ်ရွာမှ ဒေသခံပြည်သူများ သောက်သုံးရေ အဆင်ပြေစေရေးအတွက် ကျေးလက်ရေရရှိရေး လုပ်ငန်းများကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ သိရသည်။

မိတ္ထီလာခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံး၏ ကြီးကြပ်မှုအောက်ရှိ မိတ္ထီလာ၊ မလှိုင်၊ ဝမ်းတွင်း၊ သာစည်မြို့နယ်များတွင် ၂၀၂၃-၂၀၂၄ဘဏ္ဍာရေးနှစ်တွင် ပြည်ထောင်စုရန်ပုံငွေဖြင့် ခရိုင်အတွင်းရှိ ကျေးရွာ (၁၁)ရွာတွင် စက်ရေတွင်း တူးခြင်း၊ အုတ်ရေကန်တည်ဆောက်ခြင်း၊  မြေသား ရေကန်တူးဖော်ခြင်းနှင့် ဆိုလာတပ်ဆင်ခြင်းလုပ်ငန်းများကို ဆောင်ရွက်သွားမည်ဖြစ်သည်။

ထိုသို့ ဆောင်ရွက်ရာတွင် မိတ္ထီလာမြို့နယ်တွင် ကျေးရွာ(၄)ရွာ၊ မလှိုင်မြို့နယ်တွင် ကျေးရွာ(၂)ရွာ၊ ဝမ်းတွင်းမြို့နယ်တွင် ကျေးရွာ(၂)ရွာနှင့် သာစည်မြို့နယ်တွင် ကျေးရွာ (၃)ရွာတို့တွင် ကျေးလက် ရေပေးရေး လုပ်ငန်းများဖြစ်သည့် ၄.၅လက်မရှိ တွင်းနက် (၉)တွင်း တူးဖော်ခြင်း၊ ဂါလံ (၅၀၀၀)ဆံ့ အုတ်ရေကန် တည်ဆောက်ခြင်း (၆)ခု၊ မြေသားရေကန်တူးဖော်ခြင်းလုပ်ငန်း (၂)ခုနှင့် ဆိုလာတပ်ဆင်ခြင်းတို့အား ဆောင်ရွက်သွားမည်ဖြစ်ရာ အဆိုပါ ကျေးလက်ရေရရှိရေး လုပ်ငန်းများကို ကျေးလက်ဒေသဖွံ့ဖြို့တိုးတက်ရေးဦးစီးဌာနမှ ကြီးကြပ်ပြီး တင်ဒါအောင်မြင်သည့် ကုမ္ပဏီများမှ တာဝန်ယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း ခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်မြင့်ဝင်းထံမှ သိရသည်။

သိန်းမြင့်ကျော်(မိတ္ထီလာ)