ကျောက်ပန်းတောင်းမြို့နယ်တွင် ဖရဲစိုက်ပျိုးတောင်သူများ ဖရဲသီးများ စတင်ခူးဆွတ်ခူး ရောင်းချနေ

ညောင်ဦး  ဧပြီ  ၂၁

မန္တလေးတိုင်းဒေသကြီး ကျောက်ပန်းတောင်းမြို့နယ်တွင် ဖရဲစမ်းသပ်စိုက်ပျိုးရာ အောင်မြင်ဖြစ်ထွန်းပြီး ဖရဲသီးများ စတင်ခူးဆွတ်ရောင်းချနေပြီဖြစ်ကြောင်း ကန်ပတ်လည်  အုပ်စု၊ လဲဂွကျေးရွာ ဖရဲစိုက်ပျိုတောင်သူ ဦးတင်ထွန်းအောင်ထံက သိရသည်။

ကျောက်ပန်းတောင်းမြို့နယ်တွင် ဖရဲစိုက်ပျိုးခြင်းအား သီတင်းကျွတ်၊ တန်ဆောင်မုန်းလတို့တွင် စတင်ပျိုးထောင်ခဲ့ပြီး စတင်ပျိုးထောင်ချိန်က အဝတ်စများဖြင့် ဖရဲပျိုးစေ့များအား အဝတ်စများ ထဲထည့်ကာ တစ်ပေပတ်လည်ကျင်းထဲသို့ မြေဆွေးဖြင့် ရေနှပ်ထားရကြောင်း၊ မြေနှင့်ရေနှပ်ထားပြီး နှစ်ရက်မြောက်နေ့ ပျိုထောင်မည့်အိတ်ထဲသို့ ဖရဲစေ့အမြစ် ရှိသည့်ဘက်ကို အောက်ဘက်ပျိုးထောင်ထည့်ရကြောင်း သိရသည်။ အိတ်ထဲသို့ ထည့်ပြီး ပျိုးပင် ၂၀ ရက် သားခန့်ရှိလျှင် ဖရဲစိုက်မည့်အခင်းသို့ရွေ့စိုက်ပျိုးရကြောင်း၊ ရွေ့မစိုက်ပျိုးခင် ရေမြောင်းစနစ်ဖြင့် မြောင်းကျယ်လုပ်ကာ ပလတ်စတစ်ရှည်ဖြင့် ရေတင်ကျန်မှုရှိစေရန် ရေသွင်းပေးထားကာ ဖရဲပင်ပေါက်များအား နှစ်ပေခြားဖြင့် မြောင်းဘောင်ပေါ်တွင် ပလတ်စတစ်အိတ်ဖောက်ကာ စိုက်ပျိုးရကြောင်း သိရသည်။ စိုက်ပျိုးပြီး တစ်လခန့်ရှိလျှင် အပင်လက်ရင်းမှ အပွင့်ပွင့်ကာ အသီးစတင်သီးကြောင်း၊ အဆိုပါ လက်ရင်းသီးအား ခူးဆွတ်ပြစ်မှသာ နောက်ထပ်သီးမည့် အသီးများ ပိုမိုသန်မာထွားကြိုင်းကြောင်း ဖရဲစိုက် တောင်သူဦးခင်ဇော်က ရှင်းပြသည်။ ဖရဲစိုက်ပျိုးခြင်းကို ကျောက်ပန်းတောင်းမြို့နယ်တွင် စိုက်ပျိုးမှုမရှိခဲ့ကြောင်း ၊ယခုအခါ ဖရဲမျိုး မျိုးစုံအောင် စမ်းသပ်စိုက်ပျိုးရာ အောင်မြင်ဖြစ်ထွန်းပြီး ဖရဲသီးလုံးသန်မာကြောင်း၊ ဖရဲစိုက် တောင်သူများသည် ရောင်းပန်းလှရန်အတွက် ဖရဲတစ်ညွှတ်မှ အသီးသုံးလုံးသာယူပြီး အခြားအသီးလုံးများအား ခြွေပြစ်(ခူး)လေ့ရှိကာ သို့မှသာ ရောင်းတန်းဝင်အသီးများဖြစ်ပြီး ဈေးကွက်တွင် ရောင်းပန်းလှနိုင်ကြောင်း ကျောက်ပန်းတောင်းမြို့နယ် လဲဂွကျေးရွာမှ စီးပွားဖြစ်ဖရဲစိုက်တောင်သူ ဦးတင်ထွန်းအောင်က ရှင်းပြသည်။

စိုက်ပျိုးမည့် ဖရဲမျိုးစေ့များကို ဝမ်းတွင်းမြို့နယ်မှ ဝယ်ယူခဲ့ကာ ၂၁၁ တံဆိပ် ဒေသအခေါ် ဂျပန်ဖရဲမျိုးအား စိုက်ပျိုးခဲ့ခြင်းဖြစ်ကြောင်း၊ ပျိုးစေ့တစ်ထုပ် အစေ့ ၄၀၀ ပါပြီး ၊တစ်ထုပ် ၂၀၀၀၀ ကျပ်ပေးဝယ်ခဲ့ရကြောင်း သိရကာ ဖရဲစမ်းသပ်စိုက်ပျိုးရာ အောင်မြင်ဖြစ်ထွန်းပြီး ခူးဆွတ်ရောင်းချနေပြီဖြစ်ရာ ဖရဲပွဲစားများ ဈေးနှိမ်ဝယ်ယူခြင်းကြောင့် စိုက်ပျိုးသူများ ကိုယ်တိုင် ကျောက်ပန်းတောင်းမြို့၊ မြို့မဈေး၊ ပျံကျဈေးနှင့် ညောင်ဦးမြို့ မဏိစည်သူဈေး၊ ဘုန်းစဉ်ဈေးတို့တွင် တောင်သူများ ကိုယ်တိုင်ရောင်းချခြင်းဖြင့် ဖရဲစားသုံးသူများ ဈေးကွက်တွက်ခြေကိုက်နေကြကြောင်း သိရသည်။

ဒီပါလင်း