တာမိုးညဲ ဧပြီ ၂၁
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ တာမိုးညဲမြို့တွင် စာအုပ်၊ စာပေချစ်မြတ်နိုးသူများ တိုးပွားလာစေရန်အတွက် စာပေဝါသနာရှင် (Book club) အသင်းဖြင့် စာဖတ်ဝိုင်းဆွေးနွေးပွဲအား ယမန်နေ့ နေ့လယ်(၂:၃၀) နာရီက လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ပြုလုပ်ဆောင်ရွက် ခဲ့ကြပါသည်။
ရှေးဦးစွာ စာဖတ်ဝိုင်းတွင် တာမိုးညဲမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးမှူး ဒေါ်ခေါန်မိုင်က စာပေဝါသနာရှင်များ၊ စာဖတ်ဝါသနာရှင် များတိုးပွားလာစေရန်၊ စာအုပ်၊ စာစောင်များမှရရှိလာသည့် ဗဟုသုတများ အားစာဖတ်သူအချင်းချင်း ချစ်ခင်ရင်းနှီးစွာ နှီးနှောဖလှယ်နိုင်စေရန်နှင့် စာဖတ်ဝိုင်းသို့ တက်ရောက်လာကြသည့် (Book club) အသင်းသူ/အသင်းသားများမှတဆင့် ပြည်သူများထံသို့ ဗဟုသုတများ ပြန်လည်မျှဝေပေးနိုင်ကြစေရန်ရည်ရွယ်၍ ဆောင်ရွက်ရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် စာပေဝါသနာရှင် ဒေါ်အားဘူက စာရေးဆရာ ချစ်နိုင်(စိတ်ပညာ)၏ အရည်အချင်းဆီသို့ စာအုပ်ထဲမှ အလုပ်ထဲမှာစိတ်နှစ်လိုက်ပါ ခေါင်းစဉ်ဖြင့် ဆွေးနွေးခဲ့ပြီးစာဖတ်သူ (Book club) အသင်းမှ ဦးမောင်စိုးက ယုံကြည်မှုခွန်အား ခေါင်းစဉ်ဖြင့် ဆွေးနွေးခဲ့သည်။ ဆက်လက်ပြီး စာဖတ်သူအချင်းချင်း မိမိတို့ဖတ်ရှုထားသည့် အကြောင်းအရာများကိုလည်း အပြန်အလှန်ဆွေးနွေးသွားကြကြောင်း သိရသည်။
ခေါန်မိုင်(တာမိုးညဲ)