ရမည်းသင်း ဧပြီ ၂၀
မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန၊Community Centre ခန်းမ၌ ရမည်းသင်းမြို့နယ်အတွင်း ဝါသနာတူကလပ်အသင်းများ ရှင်သန်ဖွံဖြိုးတိုးတက်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ မွန်းလွဲ ၁ နာရီကကျင်းပပြုလုပ်သည်။
ရှေးဦးစွာ ရမည်းသင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်သိမ့်သိမ့်မျိုးက ဝါသနာတူ ကလပ်အသင်းများ ဖွဲ့စည်းကာ အသိပညာပေးလုပ်ငန်းများ၊ အသက်မွေးဝမ်းကြောင်းအထောက်အကူပြုသင်တန်းများအား ကလပ်အသင်းများမှ နည်းပညာကျွမ်းကျင်သူများကို ဝါသနာတူရာ ဖွဲ့စည်းပြီး နည်းပြများအဖြစ် ဦးဆောင်ကာ ပူးပေါင်းဆောင်ရွက်နိုင်ရေး၊ Women Club ကို အိမ်တွင်းမှုအတတ်ပညာဖြစ်သည့် မိသားစုအပိုဝင်ငွေ ရရှိစေရန် လုပ်ငန်းများနှင့် အလုပ်အကိုင်အခွင့်အလန်းများရရှိစေရန် အခမဲ့ သင်တန်းများ ဖွင့်လှစ်ခြင်းကိုလည်းကောင်း၊ Youth Club အသင်းကိုလည်း ကျောင်းသားလူငယ်များ အကျိုးပြုသည့် တိုက်ကွမ်ဒို၊ စစ်တုရင်နှင့် တင်းနစ်စသည့် နည်းပညာများ လက်ဆင့်ကမ်း သင်ကြားပိုချနိုင်ရေးကိုလည်းကောင်း၊ Book Club အသင်းအနေဖြင့် စာပေဝါသနာရှင်များ၊ ဒေသခံဆရာ/ဆရာမများနှင့် မြို့နယ်စာရေးဆရာအဖွဲ့တို့ဖြင့် စာဖတ်ရှိန်မြှင့်တင်ရေး စာဖတ်ဝိုင်းများ ကျင်းပခြင်း၊ အသိပညာလုပ်ငန်းများ ပူးပေါင်း၍ ကျင်းပခြင်းတို့ကို ပိုမိုထိရောက်စွာ လက်တွဲညီညီ၊ ကျစ်ကျစ်လစ်လစ်ဖြစ်စေရန် ဝါသနာတူ ကလပ်အသင်းများ ဖွဲ့စည်းရခြင်းဖြစ်ကြောင်းတို့ကို ရှင်းလင်းပြောကြားသည်။
ထို့နောက် တက်ရောက်လာသူများက တူရာကလပ်အသင်းအဖွဲ့များကို ဖြည့်စွက်ပြင်ဆင်ဖွဲ့စည်းခဲ့ကြကာ ကလပ်အသင်းအလိုက် ဉက္ကဋ္ဌ အတွင်းရေးမှူးနှင့် အဖွဲ့ဝင်တို့ကို မိတ်ဆက်စကားများ ပြောကြားခဲ့ကြပြီး ရမည်းသင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူးက ကလပ်အသင်းအလိုက် ဥက္ကဋ္ဌ အဖွဲ့ဝင်နှင့် အတွင်းရေးမှူးတို့၏ အမည်စာရင်းကို ဖတ်ကြားသည်။ ရမည်းသင်းမြို့နယ်အတွင်း Women Club အသင်းကို (၁၆)ဦးဖြင့်လည်းကောင်း၊Youth Club အသင်းကို (၁၆)ဦးဖြင့် လည်းကောင်း၊ Book Club အသင်းကို (၁၉)ဦးတို့ဖြင့်လည်းကောင်း အသီးသီး ဖွဲ့စည်းခဲ့ပြီး ရှေ့လုပ်ငန်းစဉ်များ အောင်မြင်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေး ဝိုင်းဝန်းဆွေးနွေးခဲ့ကြကြောင်း သတင်းရသည်။
ဇော်ဝင်းအောင်(ပြန်/ဆက်)