ညောင်ဦးမြို့နယ် ကျေးလက်တောင်သူများ နွေရာသီနွားစာမြက်ရှားပါးမှု မဖြစ်စေရန် နေပီယာမြက်စိုက်ပျိုးမှုများလာ

ညောင်ဦး ဧပြီ ၂၁

မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ်အတွင်းရှိ ကျေးလက်တောင်သူများသည် နွေရာသီနွားစာ မြက်ရှားပါးမှုမဖြစ်စေရန် နေပီယာမြက်စိုက်ပျိုးမှုများလာပြီးနွားစာရှားပါး မှုတစ်ထောင့်တစ်နေရာမှ ဖြေရှင်းနိုင်ပြီဖြစ်ကြောင်း နတ်ကြို့အိုင်ကျေးရွာနေပီယာ မြက်စိုက်ပျိုးထားသည့် တောင်သူဦးမင်းလှိုင်ထံကသိရသည်။

ညောင်ဦးမြို့နယ်တွင် နွားစာမြက်ရှားပါးခြင်းကို နှစ်စဉ်နှစ်တိုင်းကြုံတွေ့နေရပြီး ဆောင်းဦးပေါက်အစ၊ နွေရာသီတွင်နွားစာမြက်ရှားပါးလေ့ရှိရာ ဒေသတွင်းပေါက်ရောက် သည့်အပင်များဖြစ်သည့် တမာပင်၊ ကုက္ကိုပင်၊ ပင်းခံပင်၊ ဖက်ဝန်းပင်၊ ညောင်ပင်၊ ရှားပင်မှရှားရွက်၊ ရှားသီး၊ ထနောင်းရွက်၊ ထနောင်းသီးများကို မြေပဲရိုးမှော်နှင့်လည်းကောင်း၊ ပဲစင်းငုံ မှော်နှင့်လည်းကောင်း၊ပြောင်းရိုးခြောက်နှင့်ရောပြီးကျွေးကာ နွားစာရှားပါးမှုကိုနှစ်စဉ်နှစ် တိုင်းဖြေရှင်းခဲ့ရကြောင်း၊ ထန်းသီးပေါ်ချိန်ထန်းသီး၊ ထန်းနို့ပေါ်ချိန်ထန်းနို့တို့ဖြင့်ရောကျွေး ခြင်းများလည်းရှိခဲ့ကြောင်း ပုဂံမြို့ နတ်ကြို့အိုင့်ကျေးရွာ ဦးတင်ဆောင်က နွားစာမြက်ရှား ပါးစဉ်က အကြောင်းများပြောကြားသည်။

ယခုအခါ ညောင်ဦးမြို့နယ် ကျေးလက်တောင်သူများသည် နွားစာမြက်ရှားပါးမှုကို နေပီယာမြက်စိုက်ပျိုးခြင်းများဖြင့် ဖြေရှင်းရန်စိုက်ပျိုးခဲ့ရာ နေပီယာမြက်များအောင်မြင် ဖြစ်ထွန်းနေကြောင်း၊ နေပီယာမြက်စတင်စိုက်ပျိုးရန် မျိုးများကို ပလင်းကမ်းသာယာဆင် စခန်းမှအခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း၊ နေပီယာမြက်သည် ရာသီဉတုပူပြင်းဒဏ်ခံသလို၊ စိုစွတ်သည့် ရာသီဉတုလည်းကြိုက်ကြောင်း၊ နေပီမြက်ကို ဆင်များ၊နွားများ၊ဝက်များ၊ဆိတ် များကြိုက်ကြသလို နုတ်နုတ်စင်း၍ ငါးမွေးကန်များထဲရှိငါးများကိုလည်း အသားတိုးအဖြစ် စားသုံးကြခြင်းကြောင့် ကျွေးမွေးနိုင်ကြောင်း၊ နေပီယာမြက်သည် တိရစ္ဆာန်များအာဟာရ ဖြစ်သလိုအသားတိုးနှုန်းမြန်ခြင်းကြောင့် ကျေးလက်တောင်သူတိုင်း စိုက်ပျိုးပြီးကျွေးသင့်ကာ နေပီယာမြက် အဆစ်တစ်ဆစ်စိုက်ပျိုးလျှင် အရွယ်ရောက်နေပီယာမြက်တစ်ပင်လျှင် အပင်ပွား ဆယ်ပင်မှ အပင်လေးဆယ်ထိပွားများပြီး အမြင့် (၁၀)ပေမှ (၁၄)ပေထိမြင့်မားကြောင်း၊ အညာဒေသကျေးလက်တောင်သူများ တိရစ္ဆာန်အစာဖြစ်သော‌ နေပီယာမြက်အား တောင်သူတိုင်း စိုက်ပျိုးထားသင့်သည့် မြက်မျိုးဖြစ်ကာ ညောင်ဦးမြို့နယ် နေပီယာမြက်စိုက်ပျိုးသည့် ကျေးလက်တောင်သူများ  နွားစာမြက်ဖူလုံစွာကျွေးနေရကြောင်း သိရသည်။

ဒီပါလင်း