ဘူးသီးတောင်မြို့နယ် ဒေသအတွင်းစိမ်းလန်းစိုပြေစေရေး ရာသီဥတုကောင်းမွန်စေရန်အတွက် ပျိုးပင်ပေါင်း(သုံးသောင်း) အခမဲ့ဖြန့်ဝေနိုင်ရန်ပျိုးထောင်ထားရှိ

ဘူးသီးတောင် ဧပြီ ၂၁

ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ ဘူးသီးတောင်မြို့နယ် သစ်တောဦးစီးဌာနမှ မြို့နယ်အတွင်းရှိဒေသအတွင်း စိမ်းလန်းစိုပြေစေရေးရာသီဥတု ကောင်းမွန်စေရန်ရည်ရွယ်ပြီး ပြည်သူများသို့(အခမဲ့)ဖြန့်ဝေနိုင်ရန် ပျိုးပင်ပေါင်း(သုံးသောင်း) ပျိုးထောင်ထားရှိကြောင်း မြို့နယ်သစ်တောဦးစီးဌာနမှ သိရသည်။

ဘူးသီးတောင်မြို့နယ် သစ်တောဦးစီးဌာနမှဒေသတွင်း စိမ်းလန်းစိုပြည်ရေးနှင့် ရာသီဥတုကောင်းမွန် မျှတစေရန်အတွက် နှစ်စဉ်မိုးဦးရာသီတွင် သစ်ပင်များစိုက်ပျိုးနိုင်ရန် ပျိုးပင်များပျိုးထောင်ပြီး မြို့နယ်အတွင်းရှိ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော်နှင့် နယ်မြေခံ တပ်ရင်းတပ်ဖွဲ့များ၊ ဌာနဆိုင်ရာများ၊ အခြေခံပညာစာသင်ကျောင်းများ၊ ရပ်ကွက်ကျေးရွာများမှ ဒေသခံပြည်သူများကို (အခမဲ့)ဖြန့်ဝေပေးလျက်ရှိသည်။

ထိုသို့ဖြန့်ဝေပေးနိုင်ရန် ယခုနှစ်တွင်မြို့နယ်အတွင်းရှိ ၂၀၂၃ ခုနှစ် မိုးရာသီသစ်ပင် စိုက်ပျိုးပွဲတော်နှင့် နယ်မြေခံတပ်ရင်းတပ်ဖွဲ့များ၊ ဌာနဆိုင်ရာအဖွဲ့အစည်းများ၊ စာသင်ကျောင်းများ၊ ဘိနယ်အလိုက်ကျေးရွာပြည်သူများ စိုက်ပျိုးခြံတို့အတွက် (အခမဲ့) ဖြန့်ဝေပေးနိုင်ရန် ဘူးသီးတောင်မြို့နယ်က ကျဘက်ကံပြင်ကျေးရွာအုပ်စု မြို့နယ်သစ်တောဦးစီးဌာန၊ သစ်တောပျိုးဥယျာဉ်တွင် ပျိုးပင်ပေါင်း(သုံးသောင်း) ပျိုးထောင်ထားရှိသည်။

ယင်းသို့ပျိုးပင်များ ပျိုးထောင်ရာတွင် နှစ်ရှည်ခံနှင့်အရိပ်ရအပင်များဖြစ်သည့် ဘန်ဒါ၊ ရေသင်းဝင်၊ ရေတမာ၊ ခရင်ဝါးသင်္ကန်းနက်၊ ကုလားကုက္တို၊ ခရေ၊ မယ်ဇလီ၊ အော်ရီရှား၊ မန်ဂျန်ရှား၊ ကျွန်း၊ ပျဥ်းကတိုးစသည့် ပျိုးပင်များကို ပျိုးထောင်ထားရှိကြောင်း မြို့နယ်သစ်တောဦးစီးဌာနမှ သိရသည်။

လှကျော်(ပြန်/ဆက်)