ဖားကန့်မြို့နယ်အတွင်း ချောင်းရှင်းလင်း‌ရေးလုပ်ငန်းများ (၅၀)ရာခိုင်နှုန်းထိပြီးစီး

ဖားကန့် ဧပြီ ၂၁

ကချင်ပြည််နယ် မိုးညှင်းခရိုင် ဖားကန့်မြို့နယ်အတွင်းရှိ ဥရုချောင်းနှင့် ချောင်းလက်တက်များ ရေကြီးရေလျှံမှု မဖြစ်ပေါ်စေရေး၊ ရေစီးရေလာကောင်းမွန်စေရေးနှင့် သဘာဝဘေးအန္တရာယ် မဖြစ်ပေါ်စေရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ကြီးကြပ်၍ မတ်လ ၂၁ ရက်မှစတင်၍ ချောင်းရှင်းလင်းရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ရာ ယခုအခါတွင် (၅၀)ရာခိုင်နှုန်းထိ ဆောင်ရွက်ပြီးစီးပြီ ဖြစ်ကြောင်း သိရသည်။

ယခုနှစ်အတွင်း မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့အနေဖြင့် မော်မောင်းချောင်းဝဖားကန့်ကြီးကွေ့၊ မျောက်ဖြူချောင်းဝနှင့် ဂျန်ဂတ်ချောင်းဝ၊ ရှရော်ခချောင်းဝနှင့် ဝှေခါချောင်းဝ၊ မမုံချောင်းပေါက်ဝ၊ ရေအေးချောင်း ဆွတ်အောင်နေရာ၊ စပေါ့ကူးတို့တံတားမှ နမ့်မှော်ချောင်းပေါက်ဝထိ၊ မော်မောင်းလျန်ချောင်းနှင့် ကာလီချန်ချောင်း၊ မှော်ရှန်ချောင်းနှင့် ကျောက်စိမ်းတောင်ကွေ့နေရာစသည့် (၉)နေရာတို့ကို ချောင်းရှင်းလင်းရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ ယခုအခါတွင် ၎င်း(၉)နေရာတို့၌ လုပ်ငန်းပြီးစီးမှု (၅၀)ရာခိုင်နှုန်းထိ ရှိပြီဖြစ်ကြောင်း သိရသည်။

ဖားကန့်ရတနာနယ်မြေအတွင်းရှိ ချောင်းရှင်းလင်းမှုလုပ်ငန်းစဉ်တွင် လုံးခင်း၊ ဖားကန့်တူးဖော်ရေးဌာနမှ စီမံဆောင်ရွက်ပေးသည့် ကုမ္ပဏီ၊ သမအသင်းများ၏ ဘက်ဟိုးအစီး(၂၀)နှင့် မြေသယ်ယာဉ် အစီး(၄၀)တို့ဖြင့် ရှင်းလင်းမှုပြုလုပ်ခဲ့ပြီး မိုးဦးမကျမီ မေလအတွင်း အပြီးသပ်ဆောင်ရွက်သွားမည် ဖြစ်ကြောင်း မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ သိရသည်။

ထို့အတူ ၂၀၂၁-၂၀၂၂ ခုနှစ်က ရှရော်ခချောင်းနှင့် ဥရုချောင်းဆုံနေရာ၊ ဝှေခါချောင်းနှင့် ဥရုချောင်းဆုံနေရာ၊ စပေါ့ကူးတို့တံတားမှ နမ့်မှော်ပေါက်ဝအထိ၊ နမားယန်ချောင်းလက်တက်နေရာ၊ နမ့်မှော်ချောင်း လက်တက်နေရာ၊ ဖားကန့်ကြီးမျောက်ဖြူချောင်းဆုံနေရာ၊ ရှရော်ခချောင်းလက်တက် ဖားကန့် အများသုံးရေကန်မှ ရှရော်ခဘုန်းကြီးကျောင်းအထိ စသည့် နေရာ(၇)နေရာတို့ကို ချောင်းရှင်းလင်းမှု လုပ်ငန်းများ ဆောင်ရွက်နိုင်ခဲ့ကြောင်း သိရှိရသည်။

မြို့နယ်(ပြန်/ဆက်)