နမ့်ခမ်းမြို့နယ်အတွင်း အခမ်းအနားများတွင် လွယ်လင့်တကူဆောင်ရွက်နိုင်ရန် အခမ်းအနားမှူးများအား ကြိုတင်ပြင်ဆင်လေ့ကျင့်သင်ကြား

နမ့်ခမ်း ဧပြီ ၂၁

အခမ်းအနားများတွင် အစီအစဉ်တင်ဆက်သည့် အခမ်းအနားမှူးများအား မည်သည့်အခမ်းအနားမဆို အဆင်ပြေချောမွေ့လွယ်ကူစွာ ဆောင်ရွက်နိုင်စေရန် ရည်ရွယ်ပြီး  ကြိုတင်ပြင်ဆင်လေ့ကျင့် သင်ကြားခြင်းကို ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ နမ့်ခမ်းမြို့၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရုံးအစည်းအဝေးခန်းမ၌ ယမန်နေ့ နေ့လယ် (၁၄)နာရီအချိန်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

နမ့်ခမ်းမြို့နယ်အတွင်း ဆောင်ရွက်သည့် တွေ့ဆုံပွဲများ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာ အခမ်းအနားများနှင့်  ပွဲတော်များတွင် အစီအစဉ်တင်ဆက်သူများအနေဖြင့် လွယ်လင့်တကူပါဝင် ဆောင်ရွက်နိုင်စေရန်အတွက် အခမ်းအနားမှူးများကို ကြိုတင်ပြင်လေ့ကျင့်ခြင်းများကို ဆောင်ရွက်ခဲ့ရာ အခမ်းအနားမှူးများ အနေဖြင့် ကြိုတင်ပြင်ဆင်မှုများဖြစ်သော မိုက်အသံထွက် မထွက်စမ်းသပ်ထားခြင်း၊ အခမ်းအနားမှူးများ၏ ဆောင်ရန်/ရှောင်ရန်များ၊ အသံကြည်လင်ပြတ် သားစွာပြောဆိုနိုင်ရန်၊ စိတ်တည်ငြိမ်မှုရှိစေရန်၊ မိမိကိုယ်ကို ယုံကြည်မှုရှိစေရန်၊ သဒ္ဒါအထား အသိုမှန်မှန်ကန်ကန်ဖြင့် အသံအနိမ့်အမြင့် အလေး၊ အဖော့၊ အဖိ အသံထွက်များ မှန်ကန်စေရန်နှင့် အခမ်းအနားမှူးနှင့် တွဲဖက်အခမ်းအနားမှူးများ အရပ်အမောင်းကွာဟမှု မရှိစေရေးစသည့် အချက်များကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်စန္ဒာဝင်းက ရှင်းလင်းဆွေးနွေးခဲ့သည်။

ထို့နောက် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့မှ အခမ်းအနားမှူးဆောင်ရွက်မည့် အမျိုးသမီးငယ်များ သည် ၎င်းတို့၏ကိုယ် အမူအရာ၊ အပြောအဆိုများကို တစ်ဦးချင်း လေ့ကျင့်သင်ကြားခဲ့ကြကြောင်း သိရသည်။

နမ့်ခမ်း(ပြန်/ဆက်)