ပြီးခဲ့သည့် ဘဏ္ဍာနှစ်အတွင်း ဆောင်ရွက်ခဲ့သည့် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း (VDP) လုပ်ငန်းများနှင့် ပတ်သက်၍  အားနည်းချက်/အားသာချက်များ သုံးသပ်ဆွေးနွေးပွဲပြုလုပ်

ကျောက်ပန်းတောင်း ဧပြီ ၂၁

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ်တွင် ၂၀၂၁-၂၀၂၂ ခု ဘဏ္ဍာနှစ်အတွင်း ဆောင်ရွက်ခဲ့သည့် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်း(VDP) လုပ်ငန်းများနှင့် ပတ်သက်၍၊ တွေ့ကြုံခဲ့သည့် အားနည်းချက်/အားသာချက်များ သုံးသပ်ဆွေးနွေးခြင်း အခမ်းအနားကို ယမန်နေ့ ညနေ(၃:၃၀)နာရီက မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင် ပြုလုပ်ခဲ့ကြောင်းသိရသည်။

အခမ်အနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန်းလွင်က အဖွင့်အမှာစကား ပြောကြားပြီး၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးဇော်မင်းထွန်းက (VDP) စီမံကိန်းလုပ်ငန်းများနှင့် ပတ်သက်၍ အားနည်းချက်/အားသာချက်များကို သုံးသပ်ဆွေးနွေးရာတွင် ထည့်သွင်းဆွေးနွေးသင့်သည်များနှင့် ဆွေးနွေးမည့် ပုံစံတို့ကို ရှင်းလင်း ပြောကြားသည်။ ယင်းနောက် တက်ရောက်လာသည့် စီမံကိန်းဝင်ကျေးရွာများမှ ကျေးရွာ ကော်မတီဝင်များအနက် ပေတောကျေးရွာ၊ ဆယ့်နှစ်ရာသီပင်ကျေးရွာနှင့် တောင်ပေါ်မြောက်ကျေးရွာတို့မှ ကော်မတီဝင်များက ဆောင်ရွက်ပြီးစီးခဲ့သည့် စီမံကိန်းနှင့်ပတ်သက်၍ အားနည်းချက်/အားသာချက်များကို သုံးသပ်ဆွေးနွေးပြီး၊ နောင်လာမည့် ဘတ်ဂျက်တွင် ထည့်သွင်းစဉ်းစားသင့်သည်များကို အသီးသီး တင်ပြ ဆွေးနွေး ကြသည်။ ယင်းနောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် ဌာနဆိုင်ရာများက ဝိုင်းဝန်း အကြံပြု ဆွေးနွေးကြပြီး၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးဇော်မင်းထွန်းက ကျေးရွာကော်မတီများ၏ သုံးသပ်တင်ပြချက်များအပေါ် ပြန်လည်ရှင်းလင်းဆွေးနွေး၍ အခမ်းအနားကို ရုပ်သိမ်းလိုက်သည်။

အဆိုပါ စီမံကိန်းဆိုင်ရာ သုံးသပ်ဆွေးနွေးပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန်းလွင်နှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ စီမံကိန်းဝင်ကျေးရွာများမှ ကော်မတီဥက္ကဌများနှင့် ကော်မတီဝင်များ၊ မြို့နယ်ဦးစီးမှူး ဦးဇော်မင်းထွန်းနှင့် ဝန်ထမ်းများ စုစုပေါင်း (၄၂)ဦး တက်ရောက်ခဲ့ကြကြောင်း သိရသည်။

နေအောင်(ပြန်/ဆက်)