ကျိုင်းတုံ အောက်တိုဘာ ၃
နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ဆောင်ရွက်သော ကျိုင်းတုံမြို့နယ်၊ ကတ်ထိုက်ကျေးရွာအုပ်စုနှင့် မိုင်းခတ်မြို့နယ်၊ ဝမ်အွန်ကျေးရွာအုပ်စုသို့ ဆက်သွယ်သည့်လမ်း ဖောက်လုပ်ပြီးစီး မှုအား တာဝန်ရှိသူများက ယမန်နေ့ နံနက်ပိုင်းက ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။
ထိုသို့စစ်ဆေးရာတွင်ရှမ်းပြည်နယ်ဖွံ့ဖြိုးရေးကြီးကြပ်မှုရုံးခွဲ (ကျိုင်းတုံ)မှ ဒုတိယ ညွှန်ကြားရေးမှူး ဦးသန့်ဇင်နှင့်တာဝန်ရှိသူများက ကျိုင်းတုံမြို့နယ်၊ ကတ်ထိုက်ကျေးရွာအုပ်စု၊ ကတ်ထိုက်-လွယ်ပန်တောင်းကျေးရွာများနှင့် မိုင်းခတ်မြို့နယ်၊ ဝမ်အွန်ကျေးရွာအုပ်စု၊ အင်ဂိုလုံကျေးရွာသို့ ဆက်သွယ်သည့်လမ်း (၃၃/၅)မိုင်တွင် မြေသားလမ်း (၃၂/၀)မိုင် ဖောက်လုပ်ပြီးစီး၍ ၎င်းလမ်းပေါ်တွင် ကျောက်လမ်း ၅ မိုင်ခင်းပြီး ကျန်၂၇မိုင်အနက် ၃မိုင်ကို ကျောက်ခင်းခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးမှုအား ကွင်းဆင်း စစ်ဆေးခဲ့ကြရသည်။
အဆိုပါလမ်းဖောက်လုပ်ခြင်းလုပ်ငန်း ဆောင်ရွက်မှုကို နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ၂၀၁၉-၂၀၂၀ဘဏ္ဍာနှစ်၊ နယ်စပ်ဒေသဖွံ့ဖြိုးရေး(ပြည်ထောင်စု) ခွင့်ပြုရန်ပုံငွေကျပ် (၄၇၈.၉၇၈) သန်းဖြင့် ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ ၂၂ ရက်နေ့တွင် စတင်ဆောင်ရွက်ခဲ့ပြီး၊ ထိုသို့လမ်းဖောက်လုပ် ဆောင်ရွက်ခြင်းကြောင့် ကျေးရွာအုပ်စု (၄)အုပ်စု၊ ကျေးရွာ (၃၆)ရွာမှ အိမ်ခြေ (၁၁၄၉)အိမ်၊ လူဦးရေ (၇၅၀၀)ဦးခန့်အား စီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေးနှင့် ပညာရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ပြီး မိုင်းခတ်မြို့နယ်အတွင်းရှိ ဝမ်အွန်၊ မိုင်းညှင်း၊ ဟုတ်ပုံစသည့် ကျေးရွာအုပ်စု များမှ ဒေသခံပြည်သူများသည်လည်း ကျိုင်းတုံမြို့သို့ အချိန်တိုအတွင်း သွားလာနိုင်၍ လမ်းပန်းဆက်သွယ် ရေးအဆင်ပြေ ချောမွေ့စေနိုင်မည် ဖြစ်ကြောင်း ရှမ်းပြည်နယ်ဖွံ့ဖြိုးရေးကြီးကြပ်မှုရုံးခွဲ (ကျိုင်းတုံ)မှ သိရသည်။
ရဲထက်ဦး (ပြန်/ဆက်)