သီပေါ ဧပြီ ၂၁
ရှမ်းပြည်နယ်(မြောက်ပိုင်း) သီပေါမြို့နယ်၊ မဟာမြတ်မုနိဘုရားကြီး၊ သီတဂူစက္ခုဒါနဆေးရုံတော်ကြီးတွင် ကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် အဓိပတိ သီတဂူဆရာတော် ဒေါက်တာအရှင်ဉာဏိဿရ ဦးဆောင်ဦးရွက်မှုနှင့် သီပေါမြို့ မဟာမြတ်မုနိဘုရားကြီး အကျိုးတော်ဆောင်ဆရာတော် ဘဒ္ဒန္တပညာသီရိ၏ ကြီးကြပ်မှုဖြင့် ရန်ကုန်၊ မန္တလေး၊ ပြင်ဦးလွင် စသည့် မြို့ကြီးများမှ မျက်စိအထူးကု ဆရာဝန်ကြီးများက အခမဲ့ မျက်စိစမ်းသပ်ခွဲစိတ် ကုသပေးခဲ့ရာ အကြိမ်(၅၀)ရှိခဲ့ပြီဖြစ်ကြောင်း သိရသည်။
မျက်စိစမ်းသပ် ခွဲစိတ်ကုသမှုအား (၅၁)ကြိမ်မြောက်အဖြစ် ၂၀၂၃ခုနှစ်၊ မေလ၂ ရက်နေ့တွင် ပြန်လည် ဖွင့်လှစ်ဆောင်ရွက်သွားမည်ဖြစ်သောကြောင့် ဆရာဝန်များနှင့် လူနာများ စိတ်အေးချမ်းသာစွာ ကုသဆောင်ရွက်နိုင်ရေးအတွက် ဆေးရုံတော်ကြီးအတွင်း၊ အပြင်နှင့် ခွဲစိတ်ကုသခန်းများ၊ မျက်စိခွဲစိတ်စက်နှင့် မျက်စိရောဂါရှာသည့် စက်များအား ကြိုတင်ပြင်ဆင် သန့်ရှင်းရေးများ ဆောင်ရွက်လျက်ရှိကြောင်း၊ မျက်စိစမ်းသပ်ခွဲစိတ် ကုသပေးမှုများအား ၂၀၂၃ခုနှစ်၊ မေလ(၂)ရက်နေ့မှ (၆)ရက်နေ့အထိ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ မျက်စိဝေဒနာရှင်များအနေဖြင့် အခမဲ့လာရောက် စမ်းသပ်ကုသနိုင်ကြောင်း၊ လူနာမှတ်တမ်း စာအုပ်များကို (၂၅-၄-၂၀၂၃)ရက်နေ့တွင် စတင် စာရင်းပေးသွင်းနိုင်ကြောင်းနှင့် မျက်စိဝေဒနာရှင်များအား အခမဲ့စမ်းသပ်ခွဲစိတ်ကုသပေးနိုင်ရန်အတွက် အလှူရှင်များမှလည်း အလှူငွေများ လာရောက် လှူဒါန်းပေးလျက်ရှိကြောင်း မဟာမြတ်မုနိဘုရားကြီး အကျိုးတော်ဆောင် ဆရာတော်ထံမှ သိရသည်။
ခင်လေး(သီပေါ၊ပြန်/ဆက်)