မိုင်းရယ်မြို့နယ် ဟိုခိုကျေးရွာ၌ ကျေးရွာမတည်ရန်ပုံငွေစီမံကိန်း စတုတ္ထအကြိမ် ပြန်လည်ထုတ်ချေး

မိုင်းရယ်  ဧပြီ ၂၁

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုင်းရယ်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၁၉-၂၀၂၀ ခု ဘဏ္ဍာရေးနှစ်တွင် စတင်အကောင်အထည်ဖော်ထုတ်ချေးသည့် ကျေးရွာမတည် ရန်ပုံငွေစီမံကိန်း Type-1 ကို ယမန်နေ့က  မိုင်း‌ကောင်အုပ်စု၊ ဟိုခိုကျေးရွာ၌ စတုတ္ထအကြိမ် ပြန်လည်ထုတ်ချေးခဲ့ကြောင်း သိရသည်။

အဆိုပါ ချေးငွေထုတ်ချေးရာတွင် မိုင်းရယ်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးအောင်ဝင်းခိုင်ဦးက ကွင်းဆင်းစစ်ဆေးခဲ့ပြီး ကျေးရွာမတည်ရန်ပုံငွေ စီမံကိန်းဖြင့် ကျေးလက်နေပြည်သူများ ဆင်းရဲမှုလျော့ကျစေရန်နှင့် တစ်နိုင်တစ်ပိုင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် အခြားမိသားစုဝင်ငွေတိုးလုပ်ငန်းများ ဆောင်ရွက်နိုင်စေရန် ရည်ရွယ်၍ အကောင်အထည်ဖော်ဆောင်ရွက်ခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။

ထို့နောက် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများက မိုင်းကောင်ကျေးရွာအုပ်စု၊ ဟိုခိုကျေးရွာ ကျေးရွာမတည်ရန်ပုံငွေစီမံကိန်း လုပ်ငန်းအဖွဲ့များနှင့်အတူ စိုက်ပျိုးရေးလုပ်ငန်းလုပ်ကိုင်ရန် ချေးယူသူ(၂၅)ဦးအတွက် ချေးငွေ (၃၄၁၅၀၀၀ဝိ/) ကို ထုတ်ချေးပေးခဲ့ကြောင်း သိရသည်။

မိုင်းရယ်ပြန်/ဆက်