မိုင်းကိုင် ဧပြီ ၂၁
ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ မိုင်းကိုင်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး၌ ယမန်နေ့မနက်ပိုင်းက လူငယ်နှင့်ဆိုရှယ်မီဒီယာ အကြောင်း ဟောပြောပွဲနှင့်ပြပွဲကို ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ ဟောပြောပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်နန်းလှိုင်လှိုင်ဦးက စတင်ဦးဆောင်ဆွေးနွေးပြီး နယ်မြေခံတပ်မှ ဗိုလ်ကြီးဇော်လင်းက ဆိုရှယ်မီဒီယာနှင့် လူငယ်တို့သိသင့်သိထိုက်သည့် အကြောင်းအရာများ ဆက်လက်ဆွေးနွေးရာ တက်ရောက်လာသူ နယ်မြေခံတပ်ရင်းမှ အရာရှိစစ်သည်များ၊ လူငယ်လူရွယ်များ၊ မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ သူနာပြုများ၊ အရန်သားဖွားဆရာမများနှင့် ဝန်ထမ်းများက ယနေ့ခေတ် လူမှုကွန်ယက် သုံးစွဲလာမှုအပေါ် ကောင်းကျိုးဆိုးကျိုးများ၊ အမြင်များကို အပြန်အလှန်ဆွေးနွေးခဲ့ကြသည်။
ထို့နောက် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဆိုရှယ်မီဒီယာအကြောင်း သိကောင်းစရာခေါင်းစဉ်ဖြင့် နံရံကပ်စာစောင်ပြပွဲကို ဖွင့်လှစ် ပြသရာ တက်ရောက်လာသူများက လေ့လာကြည့်ရှုခဲ့ကြကြောင်း သိရသည်။
ပြည့်ဖြိုးမောင်