ရန်ကုန် အောက်တိုဘာ ၃
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ မင်္ဂလာတောင်ညွန့်မြို့နယ် ပုသိမ်ညွန့်ရပ်ကွက်ရှိ သစ်မျှောချောင်းအား ရေစီးရေ လာကောင်းမွန် စေရေးအတွက် မြေထိန်းနံရံများကို တိုင်းဒေသကြီးအစိုးရ ဘတ်ဂျက်ဖြင့် ဆောင်ရွက်ပေးသွားမည်ဖြစ်ရာ လုပ်ငန်းစတင်မှုအနေဖြင့် အဆိုပါချောင်း တစ်လျှောက်ရှိ အမှိုက်များ ၊ နုန်းများဆယ်ယူခြင်းတို့ကို မြို့နယ်လမ်းတံတားဌာနမှ တာဝန်ယူ၍ စက်ယန္တယား များဖြင့် ဆောင်ရွက်လျက်ရှိသည်။
အဆိုပါလုပ်ငန်းများ ဆောင်ရွက်မှုအခြေအနေနှင့် ပတ်သက်၍ မြို့နယ်စည်ပင်သာယာရေး ကော်မတီ အဖွဲ့ဝင် (၂) ဦးမင်းအောင်ကို မေးမြန်းခဲ့ရာတွင် “သစ်မျှောချောင်းကတော့ ပုသိမ်ညွန့်ရပ်ကွက်ရဲ့ ရေထွက်ပေါက်တစ်ခုပါ။ ဒီချောင်းကတစ်ဆင့် ပုဇွန်တောင် ချောင်းထဲကို ရေထုတ်ပေးတာပေါ့။ ခုလုပ်နေတာက မြေထိန်းနံရံ မလုပ်ခင် ဒီချောင်းထဲမှာရှိတဲ့ အမှိုက်တွေ၊ နုန်းတွေ၊ မြေစာတွေကိုပြန်ပြီးတော့ ဘတ်ဟိုးတွေနဲ့ပြန်ဆယ်ယူနေ တာပါ။ ချောင်းကဒါတွေကြောင့် ကောလာပြီး ရေစီးရေလာမကောင်းတော့ ရေကြီး၊ ရေလျှံမှုတွေဖြစ်တဲ့အတွက် နောင်မှာ ရေကြီး၊ ရေလျှံမှုတွေလျော့နည်းဖို့ ဆောင်ရွက်နေတာဖြစ်ပါတယ် “ ဟု ၎င်းကဖြေကြားခဲ့ပါတယ်။
သစ်မျှောချောင်းသည် ပုသိမ်ညွန့်ရပ်ကွက် (၈)လမ်းနှင့်(၉) လမ်းနားတွင်ရှိပြီး အဆိုပါရပ်ကွက်၏ အဓိက ရေထွက်ပေါက် ဖြစ်သည့်အတွက် မြေထိန်းနံရံဆောင်ရွက်ပြီးပါက ရပ်ကွက်နေပြည်သူများအတွက် မိုးတွင်းကာလ၌ ကြုံတွေ့ရသည့် ရေကြီး၊ ရေလျှံမှုများကို လျော့နည်းသွားစေမည်ဖြစ်ကြောင်း သိရသည်။
ချစ်စုဝေ (ပြန်/ဆက်)