နမ့်ဆန် အောက်တိုဘာ ၃
ရှမ်းပြည်နယ် ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်မြို့နယ် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက အနောက်ကင်း ကျေးရွာနှင့် မြို့သစ်ကျေးရွာတို့တွင် မြစိမ်းရောင်(အရင်းမပျောက်) ရန်ပုံငွေထုတ်ချေး ပေးခြင်းကို ယမန်နေ့ နံနက်(၁၀)နာရီက ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဒု-ဦးစီးမှူး ဦးကျော်သန်းနှင့် မြစိမ်းရောင်ရန်ပုံငွေ ကြီးကြပ်မှုကော်မတီတို့က ကွင်းဆင်းကြီးကြပ် ဆောင်ရွက် ပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါ မြစိမ်းရောင်ရန်ပုံငွေ ထုတ်ချေးပေးခြင်းကို ဆောင်ရွက်ရာတွင် ကျေးရွာလူထုတို့၏ လူနေမှုဘဝတိုးတက်မြင့်မားလာဖို့၊ အသေးစားစီးပွားရေးလုပ်ကိုင်သူများ၊ တပိုင်တနိုင်စိုက်ပျိုး မွေးမြူသူများ၊ လက်ဖက်တောင်သူများတို့၏ တပိုင်တနိုင် လက်ဖက်လုပ်ငန်းကို တဖက်တလမ်း အထောက်အကူပြုစေရန် ရည်ရွယ်ပြီး အရင်းမပျောက် အတိုးနည်းချေးငွေ မြစိမ်းရောင်ရန်ပုံငွေ တစ်ရွာလျှင် ကျပ်သိန်း(၃၀၀) မတည်ပေးကာ မြစိမ်းရောင်ရန်ပုံငွေမှ ရရှိလာသော အတိုးငွေများကို ကျေးရွာဖွံ့ဖြိုးရေး လုပ်ငန်းတွင် ပြန်လည်သုံးစွဲ ဆောင်ရွက်စေခြင်းဖြင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးကို အထောက်အကူပြု လာစေမှာဖြစ်ကြောင်းသိရသည်။
ထို့အတူ ယခုလို ကိုဗစ်-၁၉ ဖြစ်ပွားနေသည့် ကာလတွင် ကျေးလက်နေပြည်သူများတို့ကို အတိုးနည်းသည့် မြစိမ်းရောင်ရန်ပုံငွေ ထုတ်ချေးပေး နိုင်သည့်အတွက် ကျေးရွာပြည်သူလူထုများကို များစွာအထောက်အကူပြုဖြစ်စေမှာ ဖြစ်ကြောင်း ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနထံမှ သိရသည်။
ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက မြစိမ်းရောင်ရန်ပုံငွေ မတည်ပေးခြင်းကို နမ့်ဆန်မြို့နယ်အတွင်းရှိ အိမ်ခြေ(၈၀)ကျော်ရှိသည့် ကျေးရွာပေါင်း(၁၈)ရွာတွင် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပြီး တစ်ရွာလျှင် မြစိမ်းရောင်ရန်ပုံငွေ ကျပ်သိန်း(၃၀၀)စီ မတည် ပေးထားကာ ကျေးရွာလူထုတို့၏ လူနေမှုဘဝကိုမြင့်တင်ပေးလျက်ရှိကြောင်း သိရသည်။
ကိုအောင်မိုး(ရွှေဖီမြေ)