နောင်ချို ဧပြီ ၂၀
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ် သဖန်းကိုင်းပရဟိတဆရာတော် သဒ္ဓမ္မဇောတိကဓဇ ဒေါက်တာ ဘဒ္ဒန္တပညာလင်္ကာရ၏ ဦးဆောင်စီစဉ်မှုဖြင့် ဖွင့်လှစ်သော နွေရာသီ(အခမဲ့) ကွန်ပျူတာသင်တန်းဆင်းပွဲအခမ်းအနားကို ယနေ့ နံနက်ပိုင်းက သဖန်းကိုင်းပရဟိတ အကယ်ဒမီ ဝိပဿနာ ဓမ္မရိပ်သာတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် နမောတဿ ၃ ကြိမ်ရွတ်ဆို၍ ဘုရားကန်တော့ခဲ့ကြပြီး သဖန်းကိုင်း ပရဟိတဆရာတော် သဒ္ဓမ္မဇောတိကဓဇ ဒေါက်တာ ဘဒ္ဒန္တပညာလင်္ကာရထံမှ ငါးပါးသီလခံယူ ဆောက်တည်ခဲ့ကြသည်။ ဆက်လက်၍ ဆရာတော်မှ သင်တန်းသား၊ သင်တန်းသူများအား သင်တန်းဆင်းလက်မှတ်များ ဂုဏ်ပြုပေးအပ်ချီးမြှင့်ခဲ့ပြီးနောက် သင်တန်းသား၊ သင်တန်းသူများက အလှူငွေများ ဆက်ကပ်လှူဒါန်းခဲ့ကြကြောင်း သိရသည်။
အဆိုပါ သင်တန်းကို ကျောင်းသား၊ ကျောင်းသူ လူငယ်များ နွေရာသီကျောင်းပိတ်ရက်တွင် အချိန်ကို အကျိုးရှိစွာ အသုံးချတတ်စေရန်နှင့် အတတ်ပညာတစ်ခုကို တတ်မြောက်ထားမှုရှိစေရန် ရည်ရွယ်၍ ဖွင့်လှစ် သင်ကြားပေးခြင်းဖြစ်ကြောင်း၊ သင်တန်းကို ဖေဖော်ဝါရီလ ၂၄ ရက်နေ့မှ ဧပြီလ ၁၉ ရက်နေ့အထိ ဖွင့်လှစ်သင်ကြာပေးခဲ့ကာ သင်တန်းသား၊ သင်တန်းသူ(၁၀၀)ဦး တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ထွေးငယ်(နောင်ချို၊ ပြန်/ဆက်)