သာစည် ဧပြီ ၂၀
မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ် နှောပင်ကျေးရွာ ကိုယ်ထူကိုယ်ထဆေးပေးခန်း ဖွင့်ပွဲ အခမ်းအနားကို ယနေ့ နံနက် ၉ နာရီခွဲက အဆိုပါဆေးပေးခန်းရှေ့၌ ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဗိုလ်မှူးတေဇာမြင့်နှင့် ဦးစိုးဝင်းအောင်၊ မြို့နယ်ဆရာဝန်ကြီး ဒေါက်တာစိုင်းဇေယျာမျိုးတို့က ကိုယ်ထူကိုယ်ထဆေးပေးခန်းကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးသည်။ ဆက်လက်ပြီး အခမ်းအနားကို ကျင်းပရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဗိုလ်မှူးတေဇာမြင့်က အမှာစကား ပြောကြားပြီး မြို့နယ်ဆရာဝန်ကြီးက ဆေးပေးခန်းဖွင့်လှစ်နိုင်ခြင်းနှင့် ပတ်သက်ပြီး ဝမ်းမြောက်စကားပြောကြားကာ လက်ရှိအပူချိန်များ မြင့်တက်လာမှုနှင့် ပတ်သက်၍ လိုက်နာရမည့် ကျန်းမာရေးဆိုင်ရာများကို အသိပညာပေး ပြောကြားသည်။ ဆက်လက်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့က ဆေးပေးခန်းအတွက် လှူဒါန်းသော အလှူငွေကို ဦးစိုးဝင်းအောင်က ပေးအပ်ရာ ရွာခွဲတာဝန်ခံဦးလှစိုးက လက်ခံရယူသည်။ ထို့နောက် ရပ်မိရပ်ဖတစ်ဦးဖြစ်သူဦးတိုးက ကျေးဇူးတင်စကား ပြောကြားပြီး တာဝန်ရှိသူများက ဆေးပေးခန်းဖြစ်မြောက်ရေးနှင့် ဖွင့်ပွဲအတွက် လိုအပ်သည်များ လှူဒါန်းဆောင်ရွက်ပေးသော အလှူရှင်များအား ဂုဏ်ပြုလွှာများ ပေးအပ်သည်။
အဆိုပါ ဆေးခန်းကို ကျေးရွာပြည်သူများ စုပေါင်းလုပ်အားနှင့် ထည့်ဝင်ငွေ ကျပ် သိန်း ၂၀ တို့ဖြင့် အလျား ၁၇ ပေ၊ အနံ ၁၅ ပေ၊အမြင့် ၁၀ ပေ သွပ်မိုး နံကပ် တစ်ထပ် ဆောက်လုပ်ထားခြင်းဖြစ်ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)