မိုင်းယုမြို့၌ စာဖတ်ရှိန်မြှင့်တင်ရေး စာဖတ်ဝိုင်းကျင်းပ

မိုင်းယု ဧပြီ ၂၀

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယုမြို့၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ Book Club နှင့် Youth Club တို့ပူးပေါင်းပြီး စာဖတ်ရှိန်မြှင့်တင်ရေးအတွက် ချစ်နိုင်(စိတ်ပညာ)ရေးသားသည့် “ရွှေဖိနပ် ရှပ်တိုက်စီး” စာအုပ်ဖြင့် စာဖတ်ဝိုင်းကို ယနေ့ နံနက်ပိုင်းက လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ပြုလုပ်ခဲ့သည်။

စာဖတ်ဝိုင်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဦးအားချာက စာဖတ်ရှိန်မြှင့်တင်ရေးအတွက် Book Club နှင့် Youth Club တို့ပူးပေါင်းပြီး စာဖတ်ဝိုင်းကျင်းပခြင်းဖြစ်ကြောင်း၊ စာဖတ်ခြင်းမှဖြင့် စိတ်၏အဟာရနှင့် ရသကိုခံနိုင်မည်ဖြစ်ကြောင်း၊ လူငယ်များသည် နောင်တစ်ချိန်တွင် တိုင်းပြည်အတွက် အင်အားများ ဖြစ်ကြောင်း၊ စာပေကို မြတ်နိုးစွာဖြင့် စာဖတ်သည့်အလေ့အထကို ပြုစုသင့်ပါကြောင်း ပြောကြားခဲ့သည်။

ထို့နောက် Book Club အသင်းဝင် ဦးမြတ်စောမင်းက “ဗဟုသုတအမြော်အမြင်” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ Youth Club အသင်းမှ ဦးလမင်းအောင်က “ယနေ့လူငယ် နောင်ဝယ်အင်အား” ခေါင်းစဉ်ဖြင့်လည်းကောင်း အသီးသီးဖတ်ကြားခဲ့ကြပြီး တက်ရောက်လာသည့် အသင်းဝင်များက အပြန်အလှန်ဆွေးနွေး ခဲ့ကြကြောင်း သိရသည်။

ထို့နောက် Club အသင်းဝင်များက ဗလငါးတန်ဖွံ့ဖြိုးရေး လူငယ်အသိပညာပေး နံရံကပ်စာစောင်များ၊ ကလေးအလုပ်သမားပပျောက်ရေး၊ မူးယစ်ဆေးဝါးနှင့် လူကုန်ကူးမှု အန္တရာယ်အသိပညာပေး ဓာတ်ပုံနှင့် နံရံကပ်စာစောင်များနှင့် စာအုပ်ပြပွဲများကို လေ့လာကြည့်ရှုခဲ့ကြောင်း သိရသည်။

အားချာ