မက်မန်းမြို့ လူထုအခြေပြုဗဟိုဌာနခန်းမတွင် နွေရာသီယဉ်ကျေးလိမ္မာသင်တန်းဖွင့်ပွဲ အခမ်းအနားကျင်းပ

မက်မန်း ဧပြီ ၂၀

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ မက်မန်းခရိုင်၊ မက်မန်းမြို့နယ်၌ နွေရာသီတွင် ကလေးသူငယ်များ ယဉ်ကျေးလိမ္မာစေရန်၊ ဗလ(၅)တန်ဖွံ့ဖြိုးတိုးတက်ရေးရန်နှင့် ပြည်သူ့နီတိများကိုလိုက်နာ၍ ယဉ်ကျေးသိမ်မွေ့စေရန်အတွက် ယဉ်ကျေးလိမ္မာသင်တန်းကို ယနေ့ နံနက် ၁၀နာရီအချိန်က လူထူအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် သင်တန်းဖွင့်ပွဲအခမ်းအနားကျင်းပခဲ့သည်။

အဆိုပါအခမ်းအနားတွင် မက်မန်းခရိုင် အမျိုးသမီးရေးအဖွဲ့ဥက္ကဋ္ဌ ဒေါ်ညိုက အဖွင့်အမှာစကားပြောကြားရာတွင် “ကျောင်းသား၊ ကျောင်းသူများအနေဖြင့် လူကြီးသူမများ၏ ဆုံးမစကားများကို နာယူ၍ လောကနီတိများကို လိုက်နာတတ်စေရန်၊ ယဉ်ကျေးလိမ္မာ၍ သားကောင်းသမီးကောင်း ဖြစ်ကြစေကြောင်း” အဖွင့်အမှာစကားပြောကြားခဲ့သည်။

ဆက်လက်၍ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒေါ်ဥမ္မာချို(လက်ထောက်ညွှန်ကြား ရေးမှူး)က သင်တန်းဖွင့်လှစ်ရာခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားရာတွင် “မက်မန်းမြို့နယ် အတွင်းရှိ ဒေသခံကလေးများသည် လူမျိုးမတူ၊ ဘာသာမတူသောကလေးများ များပြားပါကြောင်း၊ မတူညီသော ကလေးများအကြားတွင် လောကနီတိ၊ ကျင့်ဝတ်များကို အပြန်အလှန် ဆောင်ရွက်နိုင် စေရန် လိုအပ်ပါကြောင်း၊ ယနေ့ သင်တန်းတွင် ကလေးပေါင်းစုံတက်ရောက်နိုင်စေရေးအတွက် ယဉ်ကျေးလိမ္မာဘာသာရပ်များကို အခြေခံသင်ကြားသွားမည်ဖြစ်ပါကြောင်း” ရှင်းလင်းပြောကြား ခဲ့သည်။ အဆိုပါသင်တန်းတွင် မြို့ပေါ်နှင့် ကျေးရွာများမှ ကလေးငယ်(၅၀)ဦး တက်ရောက်ခဲ့ပြီး သင်တန်းကို ဧပြီလ (၂၀)ရက်နေ့မှ မေလ(၄)ရက်နေ့ ထိ (၁၅)ရက်ကြာ ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည်။

စောဥမ္မာ(ခရိုင်၊ပြန်/ဆက်)