နေပြည်တော် ဧပြီ ၂၀
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်း နွေရာသီကျောင်းပိတ်ရက်အတွင်း အင်္ဂလိပ်စာနှင့် ကွန်ပျူတာအခြေခံသင်တန်းများ ဖွင့်လှစ်ရန် စီစဉ်ဆောင်ရွက်ထားရှိမှု အခြေအနေများကို ရှင်းလင်းတင်ပြခြင်း လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက် ၁၁ နာရီတွင် နေပြည်တော်ကောင်စီရုံး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
ရှေးဦးစွာ နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးဇေယျာလင်းက အဖွင့်အမှာစကားပြောကြားခဲ့သည်။ ထို့နောက် နေပြည်တော်ပညာရေးမှူးရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်စံပယ်လွင်က မြို့နယ်ရှစ် မြို့နယ်တွင် အင်္ဂလိပ်စာနှင့် ကွန်ပျူတာအခြေခံသင်တန်းများ ဖွင့်လှစ်ရန် စီစဉ်ဆောင်ရွက်ထားရှိမှု အခြေအနေများကို Power Point ဖြင့် ရှင်းလင်းတင်ပြပြီး တက်ရောက်လာကြသည့် ခရိုင်ပညာရေးမှူးများ၊ မြို့နယ် ပညာရေးမှူးများနှင့် မြို့နယ်ရှစ်မြို့နယ်မှ မြို့နယ်အုပ်ချုပ်ရေးမှူးများ၊ ကိုယ်ပိုင်အထက်တန်းကျောင်းများမှ တာဝန်ရှိသူများက သင်တန်းများ ဖွင့်လှစ်မည့် အခြေအနေများ၊ သင်ထောက်ကူပစ္စည်းများထောက်ပံ့ပေးမည့် အခြေအနေများနှင့် သင်ကြား ပေးမည့် ဘာသာရပ်များကို ရှင်းလင်းတင်ပြကြသည်။
ထို့နောက် နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးဇေယျာလင်းက တင်ပြချက်များနှင့်စပ်လျဉ်း၍ လိုအပ်သည်များကို ဖြည့်စွက်လမ်းညွှန်ပြောကြားခဲ့သည်။ အဆိုပါ အင်္ဂလိပ်စာနှင့် ကွန်ပျူတာအခြေခံသင်တန်းများကို နေပြည်တော်အတွင်းရှိ မြို့နယ် ရှစ်မြို့နယ်တွင် ဧပြီလ ၂၄ ရက်နေ့မှ မေလ ၁၃ ရက်နေ့အထိ တစ်ပြိုင်တည်း ဖွင့်လှစ်သင်ကြား ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ဟိန်းသူအောင် (ပြန်/ဆက်)