တန့်ယန်းမြို့နယ်တွင် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် ပန်းချီ၊ ကာတွန်း၊ ပိုစတာ၊ ကွန်ပျူတာပန်းချီပြိုင်ပွဲကျင်းပ

တန့်ယန်း ဧပြီ ၂၀

ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းခရိုင်၊ တန့်ယန်းမြို့နယ်တွင် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အထိမ်းအမှတ် (၂၆)ကြိမ်မြောက် ပန်းချီ၊ ကာတွန်း၊ ပိုစတာ၊ ကွန်ပျူတာပန်းချီပြိုင်ပွဲကို ယမန်နေ့ နံနက် ၉ နာရီက အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပသည်။

အဆိုပါ ပန်းချီ၊ ကာတွန်း၊ ပိုစတာ၊ ကွန်ပျူတာပန်းချီပြိုင်ပွဲသို့ နယ်မြေခံတပ်နယ်မှ စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး ကျော်သူဝင်း၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးဇော်လွင်၊ ခရိုင် ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး ဝေလွင်ထွန်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးစိုးမင်းထက်နှင့် တာဝန်ရှိသူများက လာရောက်ကြည့်ရှုအားပေးကာ ပြိုင်ပွဲဝင် ကျောင်းသား/ကျောင်းသူများအား အမှတ်တရ လက်ဆောင်ပစ္စည်းများကို ပေးအပ်ခဲ့ကြသည်။

ပြိုင်ပွဲကို “မူယစ်ဆေးရန် တို့တွန်းလှန် ကြိုးစားတိုက်ဖျက် နိုင်ငံအတွက်”၊ “မူးယစ်ကင်းစင် တို့ပြည်တစ်ခွင် သာယာလှပ လူမှုဘဝ”၊ “ငါတို့အနာဂတ် သာယာလှပဖို့ မူယစ်ကင်းစင် ကမ္ဘာဖန်တီးစို့”၊ “မျိုးဆက်သစ်များ တိုးတက်ဖို့ မူယစ်ဆေးမှန်သမျှ တိုက်ထုတ်စို့”၊ “လုံခြုံစိတ်ချ ပြည်သူ့ဘဝ မူးယစ်မှန်သမျှ တိုက်ဖျက်ကြ”၊ “မိသားစုနွေးထွေးမှုဖြင့် မိမိတို့၏ရင်သွေးငယ်များအား မူးယစ်ဆေးဝါးအန္တရာယ်မှ ကာကွယ်ကြပါစို့”၊ “လူသားခြင်း စာနာကျန်းမာဖို့ စိန်ခေါ်မူးယစ် တိုက်ဖျက်စို့” ခေါင်းစဉ်များဖြင့် ကျင်းပခဲ့ရာ အခြေခံပညာကျောင်းများမှ ကျောင်းသား/ကျောင်းသူ စုစုပေါင်း (၂၁)ဦး ဝင်ရောက် ယှဉ်ပြိုင်ကြကြောင်းနှင့် ဆုရရှိကြသူများအား ၂၀၂၃-ခုနှစ်၊ ဇွန်လ ၂၆ ရက်တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အထိမ်းအမှတ် အခမ်းအနားတွင် ထိုက်ထိုက်တန်တန် ဆုများ ချီးမြှင့်ပေးအပ်မည်ဖြစ်ကြောင်း သိရသည်။

မင်းလွင်ဦး(ပြန်/ဆက်)