တောင်ကြီး ဧပြီ ၂၀
ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ဇော်အေးနှင့်ဇနီး၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်နှင့်ဇနီး၊ ပြည်နယ်ဝန်ကြီးများနှင့်ဇနီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူးနှင့် ဇနီး၊ တာဝန်ရှိသူများသည် ယမန်နေ့နံနက်(၉)နာရီက တောင်ကြီးမြို့၊ မူလမင်းကွန်းကျောင်းတိုက် ဆရာတော်ဘဒ္ဒန္တပညာသီရီ(အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဒမ္မဇောတိကဓဇ)အား သွားရောက် ဖူးမျှော်ကြည်ညိုကန်တော့၍ ဆန်၊ဆီ၊ဆေး၊ဆား လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်း ပေးသည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် တောင်ကြီးမြို့ စွန်းလွန်းဂူ ဝိပဿနာကမ္မဋ္ဌာန်းကျောင်းတိုက် ဦးစီးပဓနနာယကဆရာတော် အဂ္ဂမဟာပဏ္ဍိတ၊ မဟာကမ္မဋ္ဌာနာစရိယ နိုင်ငံတော် သြဝါဒါစရိယဆရာတော် ဘဒ္ဒန္တအဂ္ဂဓမာဘိဝံသနှင့် ရှမ်းပြည်နယ် သံဃနာယကအဖွဲ့ဥက္ကဋ္ဌ သိမ်တောင် ပရိယတ္တိစာသင်တိုက် ပဓာနနာယကဆရာတော် အဂ္ဂမဟာဂန္တဝါစက ပဏ္ဍိတ ဘဒ္ဒန္တတေဇဝန္တတို့အား ဖူးမျှော် ကြည်ညိုကန်တော့၍ ဆန်၊ဆီ၊ဆေး၊ဆား လှူဖွယ်ဝတ္တုပစ္စည်းများ ဆက်ကပ်လှူဒါန်းပေးကြကြောင်း သိရသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် တောင်ကြီးမြို့၊ ရွှေဘုန်းပွင့်စေတီတော်တွင် ပဋ္ဌာန်းရွတ်ပွားပူဇော်ပေးကြသော ဆရာတော်၊ သံဃာတော်ကြီးများအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းပေး၍ လှူဖွယ် ဝတ္တုပစ္စည်းများ ဆက်ကပ်လှူဒါန်းပေးခဲ့ကြောင်း သိရသည်။
မောင်မောင်သန်း (တောင်ကြီး)