မောက်မယ် ဧပြီ ၂၀
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်၊ စျေးတန်းရပ်ကွက်ရှိ အကြော်စုံလုပ်ငန်းလုပ်ကိုင်သူများ တစ်ပိုင်တစ်နိုင်လုပ်ကိုင်ရာမှ လူကြိုက်များပြီး ရောင်းအားကောင်းသဖြင့် စီးပွားဖြစ် စတင်လုပ်ကိုင်တော့မည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ အကြော်စုံများမှာ “အာလူးကြော်၊ ကုလားပဲကြော်၊ ကန်ဇွန်းဥကြော်၊ စာကလေးခွေ ကြော် စသည့် အကြော်စုံပြုလုပ်မည်ဆိုပါက အာလူး၊ ကန်ဇွန်းဥများကို ဓားဖြင့် ပါးပါးလှီး၍ ရေစိမ်ထားပြီး ဆားနှင့် အချိုမှုန့်တို့ ရောနယ်ကာ ကြော်ရပြီး ကုလားပဲကြော်ကို ရေတစ်ညခန့်စိမ်ပြီး ကုလားပဲမှုန့် နှင့်ရောနယ်ပြီး ကြော်ရကြောင်း၊ စာကလေးခွေကြော်ပါက ရေစိမ်ထားသော ကုလားပဲကို ကြိတ်ရပြီး ဆန်မှုန့်အနည်းငယ်ရောကာ အပေါက်ကလေးများ ဖောက်ထားသည့် ဗူးတွင် ထည့်ပြီး ဆီပူဒယ်အိုးအတွင်း ရစ်ခွေကာ ညှစ်ထည့်ပြီး ကြော်ရကြောင်း၊ ရလာသော အကြော်များအား ဇကာတွင် ဆီစစ်ပြီး အေးသွားပါက အိတ်အတွင်းထည့်ကာ တစ်ထုတ်လျှင် လက်လီစျေး ငါးရာကျပ်ဖြင့် ရောင်းချရပြီး၊ လက်ကားစျေးတစ်ထုတ်လျှင် လေးရာကျပ်ဖြင့် ရောင်းချရကြောင်း၊ မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာများရှိ စျေးဆိုင်များက ကိုယ်တိုင်ကိုယ်ကျ လာရောက်ဝယ်ယူမှုများရှိသည့်အပြင် တယ်လီဖုန်းဖြင့် ဆက်သွယ်မှာယူပါက အိမ်တိုင်ရာရောက် လိုက်လံပို့ဆောင်ပေးကြောင်း၊ အကြော်ကြော်မှုအနေဖြင့် မှာယူမှုအပေါ် မူတည်ပြီး ပြုလုပ်ရကြောင်း၊ အမြတ်ငွေရရှိမှုအနေဖြင့် အထုပ်ရေ(၁၀၀)လျှင် တစ်သောင်းခန့်ရရှိကြောင်း၊ တစ်ရက်လျှင် တစ်မျိုးကို(၁၀၀)ထုတ်စီကြော်နိုင်ကြောင်း” ဒေါ်နန်းဝိုဆိုင် ကပြောသည်။
ထိုအကြော်စုံလုပ်ငန်းကို လုပ်ကိုင်ခဲ့သည်မှာ နှစ်နှစ်ကျော်ပြီဖြစ်ပြီး အခြားမြို့များသို့ တင်ပို့ရောင်းချနိုင်ခြင်းမရှိသေးသော်လည်း မောက်မယ်မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာများတွင် လူကြိုက်များသဖြင့် ရောင်းအားကောင်းလျက်ရှိကြောင်း သိရသည်။
စိုင်းမျိုးသန့်(မောက်မယ်)