မလှိုင် ဧပြီ ၂၀
မန္တလေးတိုင်းဒေသကြီး၊ မလှိုင်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးမင်းထက် ဦးဆောင်မှုဖြင့် မြို့နယ်လုံးကျွတ် အန္တရာယ်ကင်း ပရိတ်ရွတ်ဖတ်ပူဇော်ပွဲကို ယမန်နေ့ ညနေ (၄)နာရီခွဲ အချိန်တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရုံးဝင်းအတွင်းရှိ ထန်းလုံး ဓမ္မာရုံ (သုဓမ္မဒိန္နာ)၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ အခမ်းအနားကို နမောတဿ(၃)ကြိမ်ရွတ်ဆို၍ ဖွင့်လှစ်ပေးပြီး မြို့နယ်သံဃနာယကဥက္ကဋ္ဌ ဆရာတော် ဘဒ္ဒန္တ ဥက္ကံသထံမှ(၅)ပါး သီလခံယူဆောက်တည်ခဲ့ကြသည်။ ထိုနောက်မလှိုင်မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးမင်းထက်နှင့် အဖွဲ့ဝင်များက ဆရာတော်များထံသို့ ပရိတ်ချည် ၊ ပရိတ်သဲ ပရိတ်ရေနှင့် ၊ ပရိတ်ပန်းများ ဆက်ကပ်လှူဒါန်းခဲ့ကြသည်။ ယင်းနောက် မြို့နယ်သံဃနာယကဥက္ကဋ္ဌ အမှူးပြုသော ပင့်သံဃာ (၈)ပါးတို့က အန္တရာယ်ကင်း ပရိတ်တရားတော်များ ရွတ်ဖတ်၍ အနန္တရာယိက ကရဏ ကမ္မဝါစာများ ရွတ်ဖတ် ပူဇော်ခဲ့ကြသည်။ ထို့နောက် အန္တရာယ်ကင်း ပရိတ်တရားတော်များ ချီးမြှင့်တော်မူသည် သံဃာတော်များအား မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးမင်းထက်နှင့် ဌာနဆိုင်ရာ အကြီးအကဲများက နဝကမ္မ အလှူတော်ငွေ တစ်ပါးလျှင်ငွေကျပ် (၅၀၀၀၀)နှုံး ဆက်ကပ် လှူဒါန်းခဲ့ပြီး လှူဒါန်းမှု အစုစုအတွက် ရေစက်ချတရားကို မြို့နယ်သံဃနာယကဥက္ကဋ္ဌ ဆရာတော်ထံမှပင် နာယူကာ အမျှအတန်းများ ပေးဝေခဲ့ကြသည်။ ဆက်လက်၍ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများက မလှိုင်မြို့ ဘိုးဘွားရိပ်သာမှ အဘိုးအဖွား(၁၂)ဦးတို့အား တစ်ဦးလျှင် လှုဖွယ်ပစ္စည်းနှင့် ငွေသားအပါဝင် ငွေကျပ်(၃ဝဝဝဝ) ဖိုး သွားရောက်ကန့်တော့ခဲ့ကြသည်။
အဆိုပါနေ့က မလှိုင်မြို့နယ်၌ ဘိုးဘွားရိပ်သာနှင့် မြို့နယ်အတွင်းရှိ ကျေးရွာပေါင်း(၁၅)ရွာမှ အသက်(၆၅)နှစ်နှင့်အထက် အဘိုးအဘွား(၈၄၄)ဦးတို့အား စုစုပေါင်းငွေကျပ် (၃၃၉၃၈၅၀၀) ထောက်ပံ့လှူဒါန်းနိုင်ခဲ့ကြောင်း သိရသည်။
အောင်ဌေး(မလှိုင်)