မိုင်းဆတ် ဧပြီ ၂၀
ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဆတ်မြို့၌ ဌာနဆိုင်ရာများဖြင့် ဖွဲ့စည်းထားသည့် စစ်ကြောင်းကြီး (၅) ကြောင်း အဖွဲ့သည် ဒေသဖွံ့ဖြိုးရေးအတွက် ကွင်းဆင်းဟောပြောပွဲကို ယမန်နေ့ နံနက်(၉)နာရီခွဲ က ချောင်းဆုံကျေးရွာတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ ဒေသဖွံ့ဖြိုးရေးဟောပြောပွဲတွင် မြို့နယ်သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဝင်းမြင့်နိုင်က ကျေးရွာနေပြည်သူများ ရွေ့ပြောင်းတောင်ယာလုပ်ခြင်းနှင့် တောမီးရှို့ခြင်းများ မပြုလုပ်ကြရန်၊ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှူး ဒုရဲမှူးလှဘုန်းက လူကုန်ကူးမှုဖြစ်စဥ်များ၊ ပြစ်မှုပြစ်ဒဏ်များ၊ ဆက်သွယ်တိုင်ကြားနိုင်သည့် ဖုန်းနံပတ်များနှင့် လူကုန်ကူးသူပွဲစားများ စည်းရုံးလေ့ရှိသည့် ပုံစံများကိုလည်းကောင်း၊ မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဦးနိုင်လင်းက ယာမြေတွင် စိုက်ပျိုးချင်သည့် မျိုးစေ့များရှိက ဆက်သွယ်ကြစေလိုကြောင်း၊ စိုက်ပျိုးရေးနှင့် သက်ဆိုင်သည်များကို သိရှိလိုပါက မေးမြန်းနိုင်ပါကြောင်းနှင့် မြေစာရင်းဦးစီးဌာနမှ လက်ထောက်ဦးစီးမှူး ဦးအားရာက ပုံစံ(၁၀၅)နှင့်ပတ်သက်၍ အကျယ်တဝင့် ရှင်းလင်းပြောကြားခဲ့ပြီး ကျေးရွာသူ၊ ကျေးရွာသားများက သိရှိလိုသည်များကို မေးမြန်းရာ ဌာနဆိုင်ရာတာဝန်ရှိသူတို့က မိမိတို့ဌာနလုပ်ငန်းနှင့် သက်ဆိုင်သည်များကို ရှင်းလင်းဖြေကြားခဲ့ကြောင်း သိရသည်။
မြင့်မောင်(ပြန်/ဆက်)