သီပေါမြို့နယ်တွင် ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေး ဟောပြောပွဲနှင့် နံရံကပ်စာစောင်များ ပြသဆောင်ရွက်

သီပေါ ဧပြီ ၂၀

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယမန်နေ့နံနက်(၁၀)နာရီက ကလေးအလုပ်သများပပျောက်ရေး အသိပညာပေးဟောပြောပွဲပြုလုပ် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်ခင်နီလာစိုးက ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားခဲ့ပြီးနောက် ကလေးအလုပ်သမားအဓိပ္ပာယ်၊ ကလေးများလုပ်သော အလုပ်နှင့်ကလေးသူငယ်အခွင့်အရေး၊ ကလေးများအတွက် အန္တရာယ်ရှိပြီး ခေါင်းပုံဖြတ် အမြတ်ထုတ်ခံရမည့် အလုပ်များ၊ အန္တရာယ်ရှိသည့် အလုပ်မျိုးနှင့်ခေါင်းပုံဖြတ် အမြတ်ထုတ်ခံရသည့် အလုပ်လုပ်ကိုင်နေသည့် ကလေးများ၏ ရုပ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးမှု၊ စိတ်လှုပ်ရှားခံစားမှုဆိုင်ရာဖွံ့ဖြိုးမှု၊ လူမှုဆက်ဆံရေးဆိုင်ရာဖွံ့ဖြိုးမှုနှင့် အလုပ်သမားဥပဒေဆိုင်ရာ အချက်များစသည့် အချက်များကို ကျောင်းသား၊ကျောင်းသူကလေးများအား အသိပညာပေးဟောပြောခဲ့သည်။

ဆက်လက်၍ ကျောင်းသား၊ ကျောင်းသူကလေးများက ပြသထားသော ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အသိပညာပေး နံရံကပ်စာစောင်များကို စိတ်ပါဝင်စားစွာလေ့လာကြည့်ရှုခဲ့ကြပြီး သိရှိလိုသည်များအား မေးမြန်းခဲ့ကြရာ မြို့နယ်ပြန်/ဆက်ဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ခင်နီလာစိုးက ပြန်လည်ဖြေကြား ပေးခဲ့ကြောင်း သိရသည်။

ခင်လေး(သီပေါ၊ပြန်/ဆက်)