နောင်ချိုမြို့နယ် လူထုအခြေပြုဗဟိုဌာန Community Centreခန်းမ၌ Club အဖွဲ့များပူးပေါင်း၍ စာဖတ်ဝိုင်းပြုလုပ်ဆောင်ရွက်

နောင်ချို  ဧပြီ ၂၀

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် Club အဖွဲ့များ   ပူးပေါင်း၍ စာရေးဆရာမောင်မင်းစိုး ရေးသားထားသည့် “လူငယ်နဲ့ အပြောင်းအလဲ” (ဘဝနေနည်းလမ်းညွှန်ဆောင်းပါးများ) စာအုပ်ဖြင့် စာဖတ်ဝိုင်းဆွေးနွေးပွဲကို ယမန်နေ့နံနက် ၁၀ နာရီခွဲ အချိန်က လူထုအခြေပြုဗဟိုဌာန Community Centreခန်းမတွင် ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်အိအိစိုးက  စာဖတ်ဝိုင်းပြုလုပ်ရခြင်း ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားခဲ့ပြီးနောက် စာပေချစ်မြတ်နိုးသူများ  Book Club အဖွဲ့ဥက္ကဋ္ဌ ဦးပေါင်ခန့်လန်က ဦးဆောင်ဆွေးနွေးသူအဖြစ် ဆောင်ရွက်ခဲ့ပြီး  ဦးတင်အောင်သိန်းနှင့် ဦးမြို့ကျော် စသည့် Book Club အဖွဲ့ဝင်များ၊ အမျိုးသမီးအသင်း (Women Club) အဖွဲ့ဝင် ဒေါ်ရွှေဇင်ဦး၊ လူငယ်အသင်း Youth Club အဖွဲ့ဝင် မဝင်းရွှေဇင်တို့က စာအုပ်တွင်ပါရှိသည့် အကြောင်းအရာများအနက်မှ ကြိုက်နှစ်သက်ရာ ခေါင်းစဉ်တစ်ခုချင်းအလိုက် အကြောင်းအရာများကို မိမိတို့ ဘဝဖြတ်သန်းမှုတစ်လျှောက်တွင် ကြုံတွေ့ခဲ့ရသည့်    အတွေ့အကြုံများနှင့် ယှဉ်၍ အသီးသီး ဆွေးနွေးခဲ့ကြကြောင်းနှင့် အဆိုပါစာအုပ်ဖြင့် စာဖတ်ဝိုင်းပြုလုပ်ခြင်းဖြင့် လူငယ်များ ပြောင်းလဲမှုကို လက်ခံရာတွင် မကောင်းသောပြောင်းလဲမှုကို လက်မခံဖို့လိုကြောင်း၊ ကောင်းသောပြောင်းလဲမှုဆီသို့ အသိစိတ်ဓာတ်များဖြင့် ချီတက်နေသည်ကို လက်ပိုက်ကြည့် မနေဖို့လိုကြောင်း၊ ပြောင်းလဲမှုများဖြင့် လူသားတိုင်း ငြိမ်းချမ်းသော အနာဂတ်ကမ္ဘာသစ်ဆီသို့ လက်တွဲညီညီ ဦးတည်သွားနိုင်ရန်လိုအပ်ကြောင်း စသည့်အသိများ ရရှိစေမည်ဖြစ်ကြောင်း သိရသည်။

နောင်ချိုမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာအနေဖြင့် မြို့နယ်အတွင်းရှိ စာပေချစ်မြတ်နိုးသူ Book Club အဖွဲ့၊ အမျိုးသမီးအသင်း (Women Club) ၊ လူငယ်အသင်း (Youth Club) အဖွဲ့များနှင့် ပူးပေါင်း၍ စာပေဖတ်ရှုသည့် အလေ့အကျင့်ကောင်းများရရှိစေရန်၊ စာပေကို ချစ်မြတ်နိုးတန်ဖိုးထားတတ်စေရန်အတွက် စာဖတ်ဝိုင်းဆွေးနွေးပွဲကို စဉ်ဆက်မပြတ် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ထွေးငယ်(နောင်ချို၊ ပြန်/ဆက်)