လားရှိုးမြို့၌ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်(အကြို) ပန်းချီ၊ ကာတွန်း၊ ပိုစတာ၊ ကွန်ပျူတာပန်းချီပြိုင်ပွဲကျင်းပ

လားရှိုး ဧပြီ ၂၀

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့၊ အမှတ်(၆)အခြေခံပညာအထက်တန်းကျောင်း၊ ကမ္ဘောဇခန်းမတွင် ယမန်နေ့ နံနက်(၉)နာရီ ကျောင်းပေါင်းစုံမှ ကျောင်းသား/ကျောင်းသူများအား ဖိတ်ခေါ်၍ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် (အကြို) (၂၆)ကြိမ်မြောက်  ပန်းချီ၊ ကာတွန်း၊ ပိုစတာ၊ ကွန်ပျူတာပန်းချီပြိုင်ပွဲ ကျင်းပခဲ့သည်။

လားရှိုးမြို့ပေါ်ရှိ  အခြေခံပညာအထက်တန်းကျောင်းနှင့် ကိုယ်ပိုင်ကျောင်းများမှ ပြိုင်ပွဲဝင်​ကျောင်းသား/ သူ(၆၃)ဦးတို့က မူးယစ်ဆေးရန်တို့တွန်းလှန် ကြိုးစားတိုက်ဖျက်နိုင်ငံအတွက်၊ မူးယစ်ကင်းစင်တို့ ပြည်တစ်ခွင် သယာလှပလူမှုဘ၀၊ ငါတို့ရဲ့အနာဂတ်သာယာလှပဖို့ မူးယစ်ကင်းစင်ကမ္ဘာဖန်တီးစို့၊ မျိုးဆက်သစ်များတိုးတက်ဖို့ မူးယစ်ဆေးမှန်သမျှတိုက်ထုတ်စို့၊ လုံခြုံစိတ်ချပြည်သူ့ဘ၀ မူးယစ်မှန်သမျှ တိုက်ဖျက်ကြ၊ မိသားစုနွေးထွေးမှုဖြင့် မိမိတို့၏ ရင်သွေးများအား မူးယစ်ဆေးဝါးအန္တရာယ်မှ ကာကွယ်ကြပါစို့၊ လူသားချင်းစာနာကျန်းမာဖို့ စိန်ခေါ်မူးယစ်တိုက်ဖျက်စို့ စသည့်ခေါင်းစဉ်များဖြင့် အသီးသီးပါဝင် ယှဉ်ပြိုင်ခဲ့ကြပြီး ယှဉ်ပြိုင်နေမှုများကို ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ (ရှမ်းမြောက်)ဥက္ကဋ္ဌ ဦးမျိုးကျော်၊ ရှမ်းပြည်နယ် ဒုတိယရဲတပ်ဖွဲ့မှူး(လားရှိုး) ရဲမှူးကြီးအောင်မြင့်နိုင်၊ ပြိုင်ပွဲကျင်းပရေး ဦးစီးကော်မတီဥက္ကဋ္ဌ လားရှိုးခရိုင်အုပ်ချုပ်ရေးမှူး ဦးမျိုးမင်းထွန်း၊ လားရှိုးခရိုင် ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး ဝေဠုသတိုး၊ အမှတ်(၆) မူးယစ်တပ်ဖွဲ့ခွဲ(လားရှိုး) တပ်ဖွဲ့ခွဲမှူး ဒုတိယရဲမှူးကြီး သက်ထွန်း၊ အမှတ်(၂၄) မူးယစ်တပ်ဖွဲ့စု (လားရှိုး)တပ်ဖွဲ့စုမှူး ရဲမှူးဝင်းနိုင်နှင့် တာဝန်ရှိသူများက လာရောက် ကြည့်ရှုအားပေးခဲ့ကြသည်။

အဆိုပါ ပြိုင်ပွဲတွင် ဆုရရှိသူများကို ၂၀၂၃ ခုနှစ် ဇွန်လ(၂၆)ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အခမ်းအနားတွင် ဆုများချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရသည်။

ခရိုင် ပြန်ဆက်