နောင်ချိုမြို့နယ် သဖန်းကိုင်း ပရဟိတအကယ်ဒမီဝိပဿနာဓမ္မရိပ်သာ၌ ကျင်းပသော သတ္တမအကြိမ်မြောက် မိုးကုတ်ဝိပဿနာ (၅) ရက် တရားစခန်းပိတ်သိမ်း

နောင်ချို ဧပြီ ၂၀

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ်သဖန်းကိုင်းပရဟိတ အကယ်ဒမီဝိပဿနာဓမ္မရိပ်သာ၌ ကျင်းပသော သတ္တမအကြိမ်မြောက် မဟာသတိပဋ္ဌာန်း မိုးကုတ်ဝိပဿနာ (၅)ရက် တရားစခန်းပိတ်သိမ်းပွဲကို ဧပြီလ ၁၈ ရက်နေ့ နံနက် ၇ နာရီအချိန်က အဆိုပါ ရိပ်သာတွင် ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါတရားစခန်းကို မြန်မာသက္ကရာဇ်၁၃၈၄ခုနှစ်‌   နှောင်းတန်ခူးလပြည့်ကျော် ၉ ရက် (၁၃-၄-၂၀၂၃) နေ့မှ ဦးတန်ခူးလပြည့်ကျော် ၁၄ ရက် (၁၈-၄-၂၀၂၃) နေ့အထိ ၅ ရက်တိုင်တိုင် ကျင်းပခဲ့ကြောင်း၊ ရဟန်း၊ သာမဏေ၊ သီလရှင်၊ ယောဂီ စုစုပေါင်း(၁၉၅)ပါး တရားအားထုတ်ခဲ့ကြောင်းနှင့် အဆိုပါတရားစခန်းသို့ မိုးကုတ်ကမ္မဌာနာစရိယ ဆရာတော်များကြွရောက်၍ ဝိပဿနာအလုပ်ပေး တရားတော်များ ဟောကြားပြသပေးခဲ့ကြောင်း၊ တရားစခန်းအား သဖန်းကိုင်းပရဟိတဆရာတော် သဒ္ဒမ္မဇောတိကဓဇ ဒေါက်တာဘဒ္ဒန္တပညာလင်္ကာရ ဦးဆောင်ဖွင့်လှစ်ခြင်းဖြစ်ကြောင်းနှင့် တရားစခန်းသို့ ဝင်ရောက်ကြသည့် ရဟန်းလူယောဂီသူတော်စင်များ ချမ်းသာလွယ်ကူစွာ တရားအားထုတ်နိုင်ကြစေရန် နံနက်အရုဏ်ဆွမ်း၊ နေ့ဆွမ်း၊ ဘောဇဉ်ဖျော်ရည်၊ သောက်ရေသန့်၊ တစ်နေ့တာ လျှပ်စစ်မီး၊ ဆေးပစ္စည်းတို့အား ရပ်ဝေး၊ ရပ်နီးမှ အလှူရှင်များက စုပေါင်းလှူဒါန်းခဲ့ကြကြောင်း သဖန်းကိုင်း ပရဟိတဆရာတော်ထံမှ သိရသည်။

ထွေးငယ်(နောင်ချို၊ပြန်/ဆက်)