ကျောက်ဆည် ဧပြီ ၂၀
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်အတွင်းရှိ တောင်သူများသည် ဆန်စပါးကို အဓိကထား စိုက်ပျိုးကြသော်လည်း စီးပွားရေးတွက်ခြေကိုက်မည့် သီးနှံများကို ပြောင်းလဲစိုက်ပျိုးလျှက်ရှိရာ ရန်ပုံနှစ် ကျေးရွာတွင် ပံတံဆိပ်တစ်သုံးလုံး ခရမ်းချဉ်သီးစိုက်ပျိုးသူများ ဈေးကောင်းရသဖြင့် အဆင်ပြေလျက် ရှိကြောင်း ခရမ်းချဉ်စိုက်တောင်သူများထံမှ သိရှိရသည်။
တစ်သုံးလုံးခရမ်းချဉ် စိုက်ပျိုးမည်ဆိုပါက အပင်သေပျောက်မှုမရှိစေရေး ပျိုးအိတ်များတွင်ပျိုးထောင်ပြီး သန်မာသည့်ပျိုးပင်များကို ရွေးချယ်ကာ မြေပြုပြင်ထားသော စိုက်မျိုးမြေတွင် ပြောင်းရွှေ့စိုက်ပျိုး ရကြောင်း စိုက်ပျိုးပြီး (၄၅)ရက်သားတွင် စတင်ခူးခွတ်ရပြီး အပင်အပြုအစုကောင်းပါက ခူးဆွတ် ရောင်းချချိန် (၆)လခန့် ကြာမြင့်ကြောင်း ယခုအခါ ခရမ်းချဉ်တစ်ပိဿာ ငွေကျပ်(၂၀၀၀)ကျပ်အထိ ရောင်းချရသဖြင့် ခရမ်းချဉ်စိုက်ပျိုးရောင်းချသူများ စီးပွားရေးအဆင်ပြေလျက်ရှိကြောင်း သိရသည်။
ပံတစ်ဆိပ်သုံးလုံးမျိုးခရမ်းချဉ်မျိုးသည် အခွံထူပြီးအထားခံသောကြောင့် အခြားခရမ်းချဉ်မျိုးများထက် တောင်သူများအနေဖြင့် ပိုမိုစိုက်ပျိုးကြကြောင်း၊ ကာလရှည်ခူးဆွတ်ရောင်းချရသဖြင့် ရောင်းဈေး အနေဖြင့် အမျိုးမျိုးရှိသော်လည်း အခင်းဖျက်သိမ်းချိန်အထိ သွင်းအားစုကုန်ကျငွေနှင့်ရောင်းချရငွေ နှိုင်းယှဉ်ပါက အမြတ်ကျန်သည့် သီးနှံတစ်မျိုးဖြစ်ကြောင်း ခရမ်းချဉ် အမြဲစိုက်ပျိုးရောင်းချသည့် သံရွာကျေးရွာအုပ်စု၊ အေးကျေးရွာမှ ဦးဇော်ထွန်း ပြောပြ၍ သိရသည်။
သက်မောင်(ကျောက်ဆည်)