ကျောက်ဆည် ဧပြီ ၂၀
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် လူထုအခြေပြုဗဟိုဌာနတွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ် စာရေးဆရာများအသင်းနှင့် အခြေခံပညာရေးဦးစီးဌာနတို့ ပူးပေါင်း၍ ယနေ့ နံနက်(၉)နာရီက စာစီစာကုံးရေးသားနည်း သင်တန်းဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်တင်တင်ထွေးက ကျောင်းသားလူငယ်များ တွေးခေါ်မှု စွမ်းရည်မြင့်မားရေးနှင့် ဘက်စုံဖွံ့ဖြိုးတိုးတက်စေရေး၊ နွေရာသီအားလပ်ရက်များတွင် အချိန်ကို ကောင်းစွာအသုံးချတတ်စေရန် ရည်ရွယ်၍ စာစီစာကုံးရေးသားနည်း သင်တန်းဖွင့်လှစ်ရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့ပြီး မြို့နယ်စာရေးဆရာအသင်းနာယက စာရေးဆရာ မောင်ခိုင်ကျော် (ကျောက်ဆည်)က စာစီစာကုံးရေးသားမည် ဆိုပါက စာများများဖတ်ပြီး လေ့ကျင့်မှုများ ပြုလုပ်ထားရန်လိုကြောင်း၊ နိဒါန်း၊ စာကိုယ်၊ နိဂုံး စသည့် အင်္ဂါရပ်များနှင့် ပြည့်စုံပြီး နိဂုံးသည် ခေါင်စဉ်နှင့် လျော်ညီသည့် နိဂုံးဖြစ်ရန်လိုကြောင်း ကောင်းမွန်ပြည့်စုံသည့် စာစီစာကုံးဖြစ်ရန်အတွက် စာများများဖတ်ပြီး ခေါင်းစဉ်နှင့် ကိုက်ညီသည့် အချက်အလက်တင်ပြပုံ လှပရန်လိုကြောင်း ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် စာရေးဆရာမ ချောယဉ်မင်းက စာစီစာကုံး ရေးသားရာတွင် အချက်အလက်(၄)မျိုးရှိပြီး သရုပ်ဖော်ခြင်း၊ ဗဟုသတပြည့်စုံခြင်း၊ အကြောင်းအကျိုးပြခြင်း၊ အတွေးအခေါ်ဖော်ပြခြင်း စာစီစာကုံး ရေးသားနိုင်ကြောင်း ရှင်းလင်းပြောကြားခဲ့ပြီး အဆိုပါ သင်တန်းသို့ မြို့နယ်အတွင်းရှိ အခြေခံ ပညာကျောင်းများမှ ကျောင်းသား/ကျောင်းသူ (၂၀)ဦး တက်ရောက်ခဲ့ပြီး သင်တန်းကာလမှာ ဧပြီ(၁၉)ရက်နေ့မှ (၂၂)ရက်နေ့ အထိ(၄)ရက်ကြာ စာတွေ့လက်တွေ့ သင်ကြားပေးသွားမည် ဖြစ်ကြောင်း ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် နွေရာသီ အားလပ်ရပ်များတွင် ကျောင်းသား/ကျောင်းသူများ အချိန်ကို အကျိုးရှိစွာ အသုံးချတတ်စေရန်အတွက် Myanmar Fitness Dance သင်တန်း၊ အခြေခံပန်းချီ ရေးဆွဲနည်းသင်တန်း၊ အခြေခံ အင်္ဂလိပ်စာ သင်တန်း၊ အေရိုးဗစ်သင်တန်း စာစီစာကုံး ရေးသားနည်း သင်တန်းများအပြင် အခြေခံကွန်ပျူတာ သင်တန်းများလည်း ဆက်လက်ဖွင့်လှစ် သင်ကြားသွားမည်ဖြစ်ကြောင်း သိရသည်။
တင်တင်ထွေး