ကျိုက်လတ်၌ Book Club နှင့် စာပေဝါသနာရှင်များ ပူးပေါင်း၍ စာဖတ်ဝိုင်းကျင်းပ

ကျိုက်လတ် ဧပြီ ၂၀

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာနတွင် ယနေ့ မွန်းလွဲ(၂)နာရီက Book Club နှင့် စာပေဝါသနာရှင်များ ပူးပေါင်း၍ စာရေးဆရာမ ခင်စောတင့်၏"သက်ရှည်ကောင်းမွန်စွာနေထိုင်ခြင်း"စာအုပ်ဖြင့် စာဖတ်ဝိုင်း ကျင်းပခဲ့သည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်ရီရီမြင့် က စာဖတ်ဝိုင်း ဆွေးနွေးပွဲပြုလုပ်ရခြင်းဖြင့် စာပေဖတ်ရှုသည့် အလေ့အကျင့်ကောင်းများ ရရှိစေရန်၊ စာပေ အကြောင်းအရာများကို အပြန်အလှန်နှီးနှောဖလှယ်နိုင်စေရန်၊ စာပေဖတ်ရှုခြင်းဖြင့် အသိပညာ ဗဟုသုတများ တိုးပွားလာစေရန်စသည့် ရည်ရွယ်ချက်များဖြင့် စာဖတ်ဝိုင်းကို ဆောင်ရွက်ရခြင်းဖြစ်ကြောင်း ရှင်းလင်း ပြောကြားခဲ့သည်။ ထို့နောက် Book Club အဖွဲ့ဝင် ဒေါ်သန်းသန်းအေး က'' အသက်ရှည်စွာနေရတဲ့ဘဝက ကောင်းသောအရာ" ဆောင်းပါး နှင့် Book Club အဖွဲ့ဝင်ဦးအေးမြင့် က ''နိုးကြားတက်ကြွတဲ့ဘဝနဲ့ နေထိုင်ခြင်း" ဆောင်းပါးတို့ကို ဆွေးနွေးခဲ့ရာ တက်ရောက်လာကြသူများက ဆောင်းပါးများတွင်ပါဝင်သည့် အကြောင်းအရာများထဲမှ" အသက်အရွယ်ကြီးလာခြင်းသည် ဆုတ်ယုတ်ရန်မဟုတ်ကြောင်း၊ တောင်ထိပ် ဆီကိုချဥ်းကပ်ရန်ဖြစ်ကြောင်း၊ အသက်ရှည်ပြီးကျန်းမာတဲ့ ဘဝကိုရရှိခြင်းမှာ ငယ်စဥ်ကစ၍ ကောင်းသော အကျင့်များကို အသေးအမွှားနည်းလမ်းများ အပါအဝင် ကျင့်သုံးခဲ့ကြခြင်းကြောင့်ဖြစ်ကြောင်း၊ မိမိ၏ပင်ကိုယ်စွမ်းရည်များက အခွင့်အရေးများ ပွင့်လန်းလာသည်အထိ စိတ်ရှည်စွာစောင့်စားနေတတ်ကြောင်း၊ ဘဝကိုပြောင်းလဲရာတွင် အသက်အရွယ်ကြောင့် အတားအဆီးမဖြစ်စေလိုကြောင်း၊ ဘဝဆိုသည်မှာ အလေ့အကျင့်ဖြစ်ကြောင်း၊ အလေ့အကျင့်၏အရေးပါမှုကို မြန်မြန်လက်ခံနိုင်သူများသည် ဘဝတွင်များများအောင်မြင်ဖြစ်မြောက်ကြောင်း"တို့ကို ဆွေးနွေးခဲ့ကြကြောင်းသိရသည်။

ရီရီမြင့်

ကျိုက်လတ် (ပြန်/ဆက်)