လမ်းမတော် အောက်တိုဘာ ၃
လမ်းမတော်မြို့နယ် UMFCCI တွင် ရန်ကုန်တိုင်းဒေသကြီးအတွင်း ကုန်စည်စီးဆင်းမှု မြန်ဆန်ရေး နှင့်ကုန်ဈေး နှုန်းတည်ငြိမ်ရေးအတွက် အထောက်အကူပြုကော်မတီ ပထမအကြိမ် အစည်းအဝေးကို ယမန်နေ့ မွန်းလွဲပိုင်းတွင် ကျင်းပခဲ့ရာ ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီမြို့တော်ဝန်ဦးမောင်မောင်စိုးနှင့် အသင်းချုပ် တာဝန်ရှိသူများ တက်ရောက် ဆွေးနွေးခဲ့ကြသည်။
အစည်းအဝေးတွင် ယခုကော်မတီသည် ရန်ကုန်တိုင်း ဒေသကြီးအတွင်းကုန်စည်စီး ဆင်းမှုမှန်ကန်ရေးနှင့် ကုန်စျေးနှုန်း တည်ငြိမ်ရေးအတွက် ဖြစ်သော်လည်း ရန်ကုန်တိုင်းနှင့် ဆက်စပ်မှုရှိနေသည့် ပြည်နယ်/တိုင်းဒေသကြီးများတွင် ကုန်စည်စီးဆင်းမှု အခက်အခဲများ ရှိနေခြင်း၊ လက်ရှိပဲခူးတိုင်းဒေသကြီး တွင် ကုန်တင်ယာဉ်များ ပိတ်ဆို့နေမှုများ ကြုံတွေ့နေရခြင်း၊ ကုန်တင်ယာဉ်ဂိတ်များ ပိတ်ခြင်း၊ ဖွင့်ခြင်းများဖြင့် မတည်ငြိမ်မှုများ ရှိနေခြင်း၊ ကုန်စည်စီးဆင်းမှု လွယ်ကူချောမွေ့စေရေးအတွက် ကုန်တင်ယာဉ်မောင်း နှင့် ယာဉ်နောက်လိုက်များကို Test Kits များဖြင့် စစ်ဆေး၍ COVID-19ရောဂါကင်းစင်ကြောင်းကို အလျင်အမြန်ထုတ်ပေးရန်လိုအပ်ခြင်းနှင့် ရှမ်းပြည်နယ်တောင်ပိုင်းတွင် ဟင်းသီးဟင်းရွက် ကုန်တင်ယာဉ်များ၏ အခက်အခဲများ၊ ရန်ကုန်တိုင်းမှ အခြားသောတိုင်းဒေသကြီးများသို့ တင်ပို့သည့် အသား၊ ငါးတို့၏ ကုန်စျေးနှုန်းနှင့် လည်ပတ်စီးဆင်းနေမှုအခြေအနေများ၊ ဘုရင့်နောင် ကုန်စည်ဒိုင်အတွင်း ဝင်ရောက်လာသည့် စားသောက်ကုန်များ၏ကုန်စျေးနှုန်းအခြေအနေများ စသည်တို့ကို တက်ရောက်လာသူများမှ ရှင်းလင်း တင်ပြဆွေးနွေးခဲ့ကြသည်။
အစည်းအဝေးကို အသင်းချုပ်ဖက်မှ တွဲဖက်အထွေထွေအတွင်းရေးမှူးနှင့် အထောက်အကူ ပြု ကော်မတီ အတွင်းရေးမှူး ဦးမျိုးသန့်၊ ကော်မတီအဖွဲ့ဝင်များရန်ကုန်တိုင်းအတွင်းရှိ ကုန်စည်ဒိုင် ဥက္ကဋ္ဌများ၊ ပြည်နယ်၊ တိုင်းညီနောင်အသင်းများမှ ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ကျော်ဆန်းမြင့် (ပြန်/ဆက်)