ရွှေတိဂုံစေတီတော်မြတ်ကြီးအား သံဃာတော်(၁၁၁၁၁)ပါးဖြင့် ဗုဒ္ဓါဘိသေကအနေကဇာတင် မဟာမင်္ဂလာအခမ်းအနားနှင့်ဆွမ်းဆန်စိမ်း စုပေါင်းလောင်းလှူပွဲမင်္ဂလာအခမ်းအနားကျင်းပမည်

ရန်ကုန် ဧပြီ ၁၉

ရန်ကုန်တိုင်းဒေသကြီး သံဃနာယကအဖွဲ့ (ဂိုဏ်းပေါင်းစုံ)၏ ဩဝါဒခံယူ၍ ရန်ကုန်တိုင်း ဒေသကြီးအစိုးရအဖွဲ့က ကြီးမှူးကျင်းပသော ရွှေတိဂုံစေတီတော်မြတ်ကြီးအား သံဃာတော် (၁၁၁၁၁)ပါးဖြင့် ဗုဒ္ဓါဘိသေကအနေကဇာတင် မဟာမင်္ဂလာအခမ်းအနားနှင့် ဆွမ်းဆန်စိမ်း စုပေါင်းလောင်းလှူပွဲ မင်္ဂလာအခမ်းအနားကို ၂၀၂၃ ခုနှစ်၊ မေလ(၂)ရက်၊ ကောဇာသက္ကရာဇ် ၁၃၈၅ ခုနှစ်၊ ကဆုန်လဆန်း(၁၄)ရက်နေ့ အရုဏ်တက်ချိန်၌ ရွှေတိဂုံစေတီတော်အထက် ပစ္စယံနှင့် ပြည်သူ့ရင်ပြင်တွင် ကျင်းပပြုလုပ်သွားမည်ဖြစ်ပါသည်။

အဆိုပါအခမ်းအနားသို့ နိုင်ငံတော်ဩဝါဒါစရိယ ဆရာတော်ကြီးများ၊ နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ ဆရာတော်ကြီးများ၊ နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင် ဆရာတော်ကြီးများ၊ တိပိဋကဓရတိပိဋက ကောဝိဒဆရာတော်ကြီးများ၊ တိုင်းဒေသကြီး သံဃနာယကအဖွဲ့ ဆရာတော်ကြီးများ၊ မြို့နယ်သံဃနာယကအဖွဲ့ ဆရာတော်ကြီးများ၊ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ဘုန်းတော်ကြီးကျောင်းအားလုံး၏ ကျောင်းထိုင်ဆရာတော်ကြီးများနှင့် ပရိယတ္တိစာသင်တိုက်များမှ သံဃာတော်၊ ဆရာတော်များအား ပင့်ဆောင်ကာ စုပေါင်းလှူဒါန်းပူဇော်သွားမည်ဖြစ်ပါ၍ သဒ္ဓါကြည်လင် ပါရမီရှင် အလှူရှင်များအနေဖြင့် မိမိတို့တတ်စွမ်းသမျှလှူဖွယ်ဝတ္ထုငွေနှင့် လှူဖွယ်ပစ္စည်းများကို ကိုယ်တိုင်လာရောက်လှူဒါန်းနိုင်ပါရန် အခမ်းအနားကျင်းပရေးဦးစီးကော်မတီက တိုက်တွန်းနှိုးဆော်ထားကြောင်း သိရသည်။

အောင်မြင့်(ပြန်/ဆက်)