မာန်အောင်မြို့တွင် အန္တရာယ်ကင်း ပရိတ်တရားတော်ရွတ်ဖတ်ပူဇော်ပွဲကျင်းပ

မာန်အောင် ဧပြီ ၁၉

မာန်အောင်မြို့တွင် အန္တရာယ်ကင်း ပရိတ်တရားတော် ရွတ်ဖတ်ပူဇော်ပွဲကို ၁၃၈၅ ခုနှစ်၊ မြန်မာနှစ်ဆန်း(၁)ရက် ဧပြီလ ၁၇ ရက်နေ့၊ ညနေ ၄ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

အဆိုပါ အခမ်းအနားတွင် ပင့်သံဃာတော်(၉)ပါးအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများက ဖူးမြော်ကန်တော့ကြပြီး မဟာဓမ္မိကာရုံကျောင်းဆရာတော် အမှူးပြုသော သံဃာတော်များနှင့် မြို့မကျောင်းကြီး အမှူးပြုသော သံဃာတော်များက အန္တရာယ်ကင်း ပရိတ်တရားတော်များကို ချီးမြှင့်ခဲ့ကြသည်။     

ထို့နောက်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ဌာနဆိုင်ရာများ၊ရပ်ကွက်အုပ်ချုပ်ရေးမှူးများက သံဃာတော်အရှင်သူမြတ်တို့အား နဝကမ္မ အလှူငွေများကို ဆက်ကပ်လှူဒါန်းကြပြီး လှူဖွယ်ဝတ္တုများအား ရေစက်သွန်းချ အမျှပေးဝေခဲ့ကြသည်။

ယင်းနောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများလိုက်ပါလျက် သံဃာတော်အရှင်သူမြတ်များသည် မော်တော်ယာဥ်ဖြင့် မြို့တစ်ပတ်လှည့်လည်၍ အန္တရာယ်ကင်းပရိတ်တရားတော်များကို ရွတ်ဖတ် သရဇ္စျယ်ခဲ့ကြောင်းသိရသည်။

သိန်းဖေ(ပြန်/ဆက်)