ပေါင် ဧပြီ ၁၉
မွန်ပြည်နယ်၊ ပေါင်မြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် သထုံခရိုင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနတို့ပူးပေါင်းကာ အသိပညာပေး ဆွေးနွေးပွဲ (Talk Show) ကို ယမန်နေ့နံနက်ပိုင်းက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန(Community Centre)ခန်းမ၌ အွန်လိုင်းမှတစ်ဆင့် ကျင်းပပြုလုပ်ခဲ့သည်။
ဆွေးနွေးပွဲတွင် ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်တင်ဇာစိုးက (Talk Show) ပြုလုပ်ရခြင်း၏ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားသည်။
ထို့နောက် သထုံခရိုင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်ဖြိုးမို့အောင်နှင့် လက်ထောက်ဦးစီးမှူး နော်စန်းနိုင်ဦးတို့က စွန့်ပစ်ပစ္စည်းအမျိုးအစားများကို ရှင်းလင်းပြောကြားပြီး စွန့်ပစ်ပစ္စည်း စီမံခန့်ခွဲမှုအကြောင်း၊ စွန့်ပစ်ပစ္စည်းများကို စည်းကမ်းမဲ့ စွန့်ပစ်ခြင်းကြောင့် မြေထု၊ လေထု၊ ရေထုများ ပြောင်းလဲပြီး လူအများကျန်းမာရေး ထိခိုက်နိုင်ကြောင်း၊ စွန့်ပစ်ပစ္စည်းများကို စနစ်တကျစွန့်ပစ်ခြင်းဖြင့် ရရှိလာနိုင်သည့် အကျိုးကျေးဇူးများကိုလည်းကောင်း၊ မြန်မာနိုင်ငံအနေဖြင့် စွန့်ပစ်ပစ္စည်းစီမံခန့်ခွဲမှုနှင့် ပတ်သတ်ပြီး လုပ်ဆောင်နေမှုများကို အကျယ်တဝင့် ရှင်းလင်းဆွေးနွေးခဲ့ကြသည်။
ပေါင်မြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ပြည်သူများ အသိပညာတိုးပွားစေရေးအတွက် ယခုကဲ့သို့ အသိပညာပေးဆွေးနွေးပွဲ Talk Show အစီအစဉ်များ ရိုက်ကူးထုတ်လွှင့်ခြင်းအပါအဝင် အသိပညာပေးဝန်ဆောင်မှုလုပ်ငန်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိပြီး Talk Show အစီအစဉ်များကို ပြည်သူများ အကျိုးရှိစေမည့် သတ်မှတ်ခေါင်းစဉ်အလိုက် ရိုက်ကူးထုတ်လွှင့်ခြင်းအား လူထုအခြေပြုဗဟိုဌာနခန်းမ၌ လစဉ်ပုံမှန် ပြုလုပ်လျက်ရှိကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)