ပုဏ္ဏားကျွန်း ဧပြီ ၁၉
ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့တွင် မြို့နယ်သံဃာ့နာယက ဆရာတော်ကြီးများအား ပင့်ဖိတ်၍ အန္တရာယ်ကင်း ပရိတ်တရားတော်များ ရွတ်ပွားပူဇော်ပွဲကို ယမန်နေ့၊ ညနေ(၄) နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ဦးစီးဌာန၌ ကျင်းပြုလုပ်ခဲ့သည်။
အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမောင်စံဝင်းနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများ တက်ရောက်ခဲ့ကြပြီး၊ နမောတဿသုံးကြိမ်ရွတ်ဆို ဖွင့်လှစ်ခဲ့ပြီး၊ မြို့မပရိယတ္တိစာသင်တိုက် ဆရာတော်ကြီးထံမှ ငါးပါးသီလခံယူဆောက်တည်ကြပြီး၊ ဆရာတော်သံဃာတော်များက အန္တရာယ်ကင်း ပရိတ်တရားတော် မြတ်တို့ကို ရွတ်ပွားသရဇ္ဇျာယ်ခဲ့ကြသည်။
ထို့နောက် ဆရာတော်သံဃာတော်ကြီးများအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ နဝကမ္မဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းပေးကြပြီး၊ ဗုဒ္ဓသာသနံစိရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆိုကာ အခမ်းအနားကို အောင်မြင်စွာရုပ်သိမ်းခဲ့ကြောင်း သိရသည်။
နီထွန်းအောင်(ပြန်/ဆက်)