ကျောက်ဆည် ဧပြီ ၁၈
မြန်မာတို့၏ ရိုးရာယဉ်ကျေးမှု အမွေအနှစ်များဖြစ်သည့် ဘုရား၊ပုထိုးများအား ရေသက်ပ္ပယ်ခြင်း၊ ငါးလွှတ်ခြင်း၊ စတုဒီသာကျွေးကုသိုလ်ပြုခြင်းနှင့် သက်ကြီးဘိုးဘွားပူဇော်ပွဲများကို သင်္ကြန်ကာလနှင့် နှစ်ဦးရက်များတွင် နေရာရာဒေသအသီးသီးတွင် ပြုလုပ်လျက်ရှိရာ နှစ်သစ်ကူး နှစ်ဆန်း(၁)ရက်နေ့ နံနက်ပိုင်း၌ ကျောက်ဆည်မြို့တွင် စတုဒီသာကျွေးကုသိုလ်ပြုသူများ၊ သက်ကြီးဘိုးဘွားပွဲဇော်ပွဲ ပြုလုပ်မှုများနှင့် ပြည်သူများ အေးချမ်းပျော်ရွှင်လျက်ရှိကြောင်း သိရသည်။
စတုဒီသာကျွေးကုသိုလ်ပြုခြင်းများကို ထနောင်ပင်လှကျေးရွာနှင့် အေးမြကြည်လင်ရပ်ကွက်များ၌ ကုသိုလ်ရှင် မိသားစုများက ပြုလုပ်ခဲ့ပြီး တောင်လွှဲကျေးရွာတွင် သက်ကြီးပူဇော်ပွဲ ကျင်းပြုလုပ်ခဲ့ကြောင်း သိရရှိရကာ သက်ကြီးပူဇော်ပွဲတွင် တောင်လွှဲကျေးရွာ ရွာဦးကျောင်းဆရာတော် ဝိအဓမ္မာစရိယ ဘဒ္ဒန္တစာရကုမာ ဆရာတော်ထံမှ ကုသိုလ်ရှင်များနှင့် ပြည်သူများက ငါးပါးသီလခံယူဆောက်တည်ကာ အဘိုးဦးညွန့်ရွှေနှင့် ဦးအောင်ကြီးတို့မှ မုဒိတာ မေတ္တာတရားများ ပြောကြားခဲ့ပြီး ကျေးရွာအုပ်ချုပ်ရေးမှူး ဦးအောင်ဇံသိန်းနှင့် လူမှုရေးအမျိုးသမီး အဖွဲ့ဝင်များ၊ အလှူရှင်များက အသက်(၈၀)နှစ်အထက် အဘိုး(၁၂)ဦး အဘွား(၂၃)ဦး စုစုပေါင်း(၃၅)ဦးတို့အား တစ်ဦးလျှင်ငွေကျပ်(၅)သောင်းခန့်တန်ဘိုးရှိ အဝတ်အထည်များ၊ တဘက်များ၊ သွားတိုက်ဆေး၊ သွားတိုက်တံ၊ ဆပ်ပြာ စသည့် တစ်ကိုယ်ရေသုံးပစ္စည်များအား လက်ဝယ်အရောက် ပူဇော်ကန်တော့ခဲ့ကြောင်း သိရသည်။
တောင်လွှဲကျေးရွာတွင် အိမ်ထောင်စု(၄၃၀)စု ရှိပြီး ပြည်သူများအနေဖြင့် စိုက်ပျိုးရေးလုပ်ငန်းဖြင့် အဓိကအသက်မွေးဝမ်းကြောင်းပြုလုပ်ကြကြောင်းနှင့် သက်ကြီး ဘိုးဘွားပူဇော်ပွဲကို ကျေးရွာလူမှုရေး အမျိုးသမီးအဖွဲ့မှ ဦးဆောင်ကာ ပြည်သူများ၏ လှူဒါန်းမှုများဖြင့် နှစ်စဉ် နှစ်သစ်ကူး နှစ်ဆန်း(၁)ရက် နေ့တွင် ကျင်းပပြုလုပ်ကြောင်း သိရသည်။
သက်မောင်(ကျောက်ဆည်)